လွိုင်ကော် နိုဝင်ဘာ ၁၀

 

ကယားပြည်နယ်တွင် နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိသည့် ထူးချွန်တောင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပန်းတိုင်အထွက်နှုန်းရရှိစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေစပါးအထွက်နှုန်း ၁၇၁ ဒသမ ၈၇ တင်းဖြင့် ပထမဆုရရှိသည့် လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာအုပ်စု မှုံပြာကျေးရွာမှ တောင်သူဦးရူဘီ၊ နွေစပါးအထွက်နှုန်း ၁၆၈ ဒသမ ၃၅ တင်းဖြင့် ဒုတိယဆုရရှိသည့် လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာမှ တောင်သူ ဦးဆော်ရယ်နှင့် နွေစပါးအထွက်နှုန်း ၁၆၅ ဒသမ ၉၀ တင်းဖြင့် တတိယဆုရရှိသည့် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှ တောင်သူ ဦးကျော်ရွှေတို့ကို ဂုဏ်ပြုလက်မှတ်နှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြပြီး တာဝန်ရှိသူများက နွေစပါးပန်းတိုင်အထွက်နှုန်း အထူးဆုရရှိသည့် ထူးချွန်တောင်သူများကို ဂုဏ်ပြုလက်မှတ်နှင့် ဆုလက်ဆောင်များ ပေးအပ်၍ ဆုရ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်၏ အားကစားအဆင့်အတန်း မြင့်မားလာရေး၊ အားကစား သမားများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာများ မြှင့်တင်နိုင်ရေး၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များကို မြေတောင်မြှောက်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် ကယားပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်သည် အားကစားအဆင့်အတန်း မြင့်မားသည့် အစဉ်အလာကောင်းများရှိခဲ့ပြီး ထိုအစဉ်အလာကောင်းများ၊ အောင်မြင်မှုများ ပြန်လည်ရရှိရန် အားကစားကဏ္ဍကို မြှင့်တင်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြိုင်ပွဲဝင်အသင်းများအား ချီးမြှင့်ငွေနှင့် လေ့ကျင့်ရေးဘောလုံးများ ပေးအပ်ပြီး လွိုင်ကော် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် Fitness Dance အဖွဲ့တို့၏ စွမ်းရည်ပြ ဖျော်ဖြေမှုနှင့် အဖွင့်ပွဲ ပွဲစဉ်(၁)အဖြစ် ထက်မြတ်ပိုင်ထူး FC နှင့် Lion FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဘောလုံးအသင်း ၂၆ သင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲများကို နိုဝင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ကျင်းပကာ ဆုရရှိ သည့်အသင်းများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

 ပြည်နယ်(ပြန်/ဆက်)