ကျောက်ဆည် နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဒါန်းတိုင်ကျေးရွာ၌ စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိသည်။
ဒါန်းတိုင်ကျေးရွာသည် စမာတိုက်နယ်တွင် ပါဝင်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး ငရုတ်သီးနှံ ဧက ၁၅၀ စိုက်ပျိုးထားပြီး အခြားကျေးရွာအုပ်စုများဖြစ်သည့် ရန်ဘက်လိုကျေးရွာအုပ်စုတွင် ၂၂ ဧက၊ ပေတောကြီးကျေးရွာ အုပ်စုတွင် ၆၂ ဧက၊ ဘုံကွင်းကျေးရွာအုပ်စုတွင် ဧက ၅၀၊ စင်းကွန်းကျေးရွာအုပ်စုတွင် ၅၅ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
အကျိုးအမြတ်ရရှိရေး
ငရုတ်သီးနှံများစိုက်ပျိုးရာ၌ အကျိုးအမြတ်ရရှိရေး ရာသီဥတုနှင့် နေရာဒေသအလိုက် ငရုတ်သီးအစိမ်း ခူးဆွတ်ရောင်းချနိုင်သည့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ ဧကများစွာ စီးပွားဖြစ်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ငရုတ်သီးနှံသည် ကာလရှည်သီးနှံဖြစ်သောကြောင့် ရေသွင်း၊ ရေထုတ်လွယ်ကူစေရန်အတွက် မြေပေါင်များပြုလုပ်ပြီး တစ်ပင်တန်းစိုက်ပျိုးခြင်းနှင့် နှစ်ပင်တန်းစိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အပေါ်မူတည်၍ ငရုတ်သီးနှံကို အသီးအစိမ်းခူးဆွတ်ရောင်းချသကဲ့သို့ အသီးအမှည့်ခူးဆွတ်ကာ အခြောက်လှန်း၍ ရောင်ချခြင်းများပြုလုပ်ကြကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)


