ဝါရှင်တန် နိုဝင်ဘာ ၈
အမေရိကန်အစိုးရ၏ ယန္တရားရပ်တန့်နေစဉ်အတွင်း လေကြောင်း ထိန်းချုပ်ရေးဝန်ထမ်းများ ပြတ်လပ်မှုကြောင့် နိုင်ငံတစ်ဝန်းရှိ လေဆိပ် ၄၀ ၏ လေကြောင်းခရီးစဉ် ၁၀ ရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း သိရသည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆီးဒက်ဖီနှင့် အခြားသောအစိုးရ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
လေကြောင်းပျံသန်းမှု လျှော့ချခြင်းကို နိုဝင်ဘာ ၇ ရက်တွင်စတင်ခဲ့ကြောင်း သိရသည်။
လေကြောင်းခရီးစဉ်လျှော့ချသည့် လေဆိပ်များတွင် နယူးယောက်၊ ဝါရှင်တန်၊ လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနှင့် ဟူစတန်အစရှိသည့် မြို့ကြီးများမှ လေဆိပ်များပါဝင်သည်။
အင်အားကြီးနိုင်ငံရေးပါတီနှစ်ခုကြား အသုံးစရိတ်ဥပဒေမူကြမ်းကြောင့် ဖြစ်ပေါ်လျက်ရှိသည့် အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံး အစိုးရယန္တရား ရပ်တန့်မှုအတွင်း အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖက်ဒရယ်ဝန်ဆောင်မှု အများအပြားကို အောက်တိုဘာ ၁ ရက်ကတည်းက ရပ်ဆိုင်းထားကြောင်း သိရသည်။
ဝေဟင်ပိုင်နက် လုံခြုံရေးအတွက် ပျံသန်းမှုဖြတ်တောက်ရန် လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အခကြေးငွေ မရရှိသောကြောင့် လေကြောင်းထိန်းချုပ်ရေးဝန်ထမ်းများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ခြင်းကို ရပ်နားထားခြင်းဖြစ်သည်။
အမေရိကန်လေကြောင်းလိုင်းကြီးများသည် နိုင်ငံတကာလေကြောင်း ခရီးစဉ်များအပြင် အဓိကလေဆိပ်များနှင့် ချိတ်ဆက်ထားသော ပြည်တွင်းခရီးစဉ်များကိုလည်း ခရီးစဉ်လျှော့ချမှုများ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားသည်။
ဖျက်သိမ်းသည့် လေကြောင်းခရီးစဉ်များအတွက် ခရီးသည်များအား လေကြောင်းလိုင်း ပြောင်းရွှေ့ပေးခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
နိုဝင်ဘာလနှောင်းပိုင်းတွင် ကျေးဇူးတော်နေ့အားလပ်ရက်အတွင်း ခရီးသွားလာမှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
အစိုးရပိတ်သိမ်းမှုအဆုံးသတ်ရေးတွင် လွှတ်တော်ကိုယ်စားလှယ်များသည် တိုးတက်မှု အနည်းငယ်မျှသာ ရှိခဲ့သည်။ ပါတီနှစ်ရပ်လုံး၏ အဖွဲ့ဝင်အချို့က အသုံးစရိတ်ဥပဒေကြမ်းကို အတည်ပြုရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ သဘောတူညီမှုမရရှိသေးပေ။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဘာသာပြန် - အောင်ကျော်ကျော်


