ရန်ကုန် နိုဝင်ဘာ ၁၁
ဘရာဇီးနိုင်ငံ၏ (၂၀၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီးနေအိမ်၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်သည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီး HE Mr. Gustavo Rocha de Meneses နှင့် တာဝန်ရှိသူများက ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ဘရာဇီးနိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားနှင့် ဆုတောင်းစကားပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ခံပွဲသို့ တက်ရောက်လာသော ဧည့်သည်တော်များကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


