နေပြည်တော် နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်စိုးနှင့်အတူ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အားကစားဖိုရမ်သို့ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၅ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့တွင် ကျင်းပခဲ့သည့် First Asian Cooperation Dialouge Ministerial Meeting on Sports သို့ တက်ရောက်ခဲ့ပြီး “ရုရှားနိုင်ငံဆိုင်ရာ အားကစား ဖိုရမ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “အမျိုးသားအားကစား၏ အနာဂတ် - ရိုးရာဓလေ့ကို ပြန်လည်ထုတ်ဖော်ပြသခြင်း” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “လူထုအားကစားတွင် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံတကာအားကစားစီမံကိန်းများအထိ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဘောလုံး၏ အနာဂတ် ၂ဝ၃ဝ ခုနှစ်တွင် ရုရှားပရီးမီးယားလိဂ်အတွက် မဟာဗျူဟာလမ်းညွှန်ချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကိုယ်စားလှယ်များက တက်ရောက်ဆွေးနွေးခဲ့သည်။
နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး Alexander Nikitin နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အားကစား အောင်မြင်ရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ အားကစားဝန်ကြီးဌာန တို့အကြား လက်မှတ်ရေးထိုးထားသည့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စာချွန်လွှာနှင့်ပတ်သက်၍ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့တော်ဝန်နှင့် တွေ့ဆုံခဲ့၍ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ အားကစားဝန်ကြီး Siarhei Kavalchuk နှင့် တွေ့ဆုံခဲ့ပြီး လာမည့် ၂၀၂၆ ခုနှစ်မှစတင်၍ MOU နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ ဘယ်လာရုစ်နိုင်ငံမှ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ ကနူးကယက်လှေ၊ အနောက်တိုင်းလှေ၊ ဆာလော်လွမ်လှေ နည်းပြများ မြန်မာနိုင်ငံသို့ စေလွှတ်ပေးနိုင် ရေးကိစ္စရပ်များကို လည်းကောင်း၊ ကာဇက်စတန်နိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Yerbol Myrzabosynov နှင့်တွေ့ဆုံ၍ လက်ဝှေ့အားကစားနည်းနှင့် နပန်းအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပြများ ရရှိစေရေးကို ကူညီဆောင်ရွက်ပေးရန် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့တွင် ကျင်းပသည့် XIII International Sports Forum “Russia: Country of Sports, Plenary Session” (၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အားကစားဖိုရမ်သို့ တက်ရောက်ခဲ့ပြီး အာရှပူးပေါင်းဆောင်ရွက်ရေး (ACD) အဖွဲ့ဝင်နိုင်ငံများမှ အားကစားဝန်ကြီးများနှင့် အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက “အားကစားမြှင့်တင်ရေး အစဉ်အလာမှ ဆန်းသစ်တီထွင်မှုသို့ - ACD နိုင်ငံများရှိ အားကစား၏ အနာဂတ်” ဆောင်ပုဒ်ဖြင့် ACD အဖွဲ့ဝင်နိုင်ငံ များအကြား အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာသုံးစွဲမှုနှင့် လူငယ်အားကစားသမားများကို အားပေးမြှင့်တင်ရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားကဏ္ဍတွင် နိုင်ငံတကာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို လက်တွေ့အသုံးချနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Palace of Sports ပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး ပြတိုက်အတွင်းရှိ အားကစားပစ္စည်းနှင့် အဆောက်အအုံများကို လေ့လာသုံးသပ်ကာ အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြိုင်ပွဲစီမံခန့်ခွဲမှုတွင် အသုံးချနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ အားကစားသမားများ၏ လေ့ကျင့်မှု၊ လုံခြုံရေးနှင့် နည်းပညာ အသုံးချမှုဆိုင်ရာ အကောင်းဆုံးနည်းဗျူဟာများကို စူးစမ်းလေ့လာ ပြီး လိုအပ်သည့် အကြံဉာဏ်များကိုလည်းကောင်း ဆွေးနွေးသုံးသပ်မှုများပြုလုပ်ခဲ့ပြီး Samara မြို့ရှိ Vysotsky အားကစားနန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အားကစားဝန်ကြီး ဦးဆောင်၍ “အနာဂတ်အတွက် အားကစား အတူတကွအနိုင်ရရှိခြင်း” မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ အားကစားကဏ္ဍတွင် နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှု၊ လူငယ်အားကစားသမားများ တိုးတက်စွမ်းဆောင် နိုင်ရေးနှင့် နည်းပညာအသုံးချမှုများ ထိရောက်စွာလုပ်ဆောင်နိုင်ရေးအတွက် အကြံဉာဏ်များကို ဖော်ပြသုံးသပ်ဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံ ရှိ လူငယ်များနှင့် လက်ရွေးစင် အားကစားသမားများအနေဖြင့် အားကစားကဏ္ဍအလိုက် လေ့ကျင့်နေမှုအခြေအနေများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ရုရှား-မြန်မာ အားကစားနှင့် လူငယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် Samara မြို့၌ ကျင်းပခဲ့သည့် Memorial Parade စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် Samara မြို့ မှ မော်စကိုမြို့၊ မော်စကိုမြို့မှ ဒူဘိုင်းမြို့၊ ဒူဘိုင်းမြို့မှ ဘန်ကောက် မြို့၊ ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရာ နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


