ကလော နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့တွင် အကြိမ်(၂၀)မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် ည ၇ နာရီက မောမြေဦးပန်းခြံ မီးရှော်တိုင်ကွင်း၌ ကျင်းပသည်။
ကပြဖျော်ဖြေ
အခမ်းအနားတွင် တိုင်းရင်းသား တိုင်းရင်း သူအကအဖွဲ့များက ကလောမြို့ကဖိတ်ခေါ်သံ သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ဂုဏ်ပြုအမှာ စကားပြောကြားသည်။ ဆက်လက်၍ အကြိမ် (၂၀)မြောက် မဟာတန်ဆောင်တိုင်ရိုးရာ မီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အလှူငွေ ထည့်ဝင် လှူဒါန်းပေးသူများအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခဲ့ပြီး မီးပုံးပျံငယ်များ ပြိုင်တူ လွှတ်တင်၍ ပိတ်ပွဲအခမ်းအနား ရုပ်သိမ်းကာ အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ အလှပဒေသာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ မီးရှော်တိုင်နှင့် မီးကြာစံအဖွဲ့များအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် ကျော်သူရ၊ ကလောခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)


