ခင်ရတနာ

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် Wenshan ခရိုင် Xichou မြို့နယ် Sansuang ဒေသဆိုတာ တစ်ခါ တုန်းက သစ်ပင်မရှိတဲ့ ကန္တာရကျောက်တောင်တွေနဲ့ ရေကမလုံလောက်၊ စိုက်ပျိုးရေးလုပ်ဖို့ မလွယ်ကူတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူတွေဘဝက ခက်ခဲပင်ပန်းခဲ့ပြီး ဆင်းရဲမှုနဲ့အတူ အနာဂတ်လည်း မျှော်မှန်းရခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် Rocky Desert လို့ခေါ်တဲ့ ကန္တာရကျောက်တောင်တွေဟာ အခုအချိန်မှာ စိမ်းလန်းတဲ့ အိုအေစစ်ဒေသအဖြစ် တိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။

 

‘‘ကျွန်တော်တို့မိသားစုက တောင်ပေါ်မှာ ကြီးပြင်းနေထိုင်ခဲ့တယ်။ အိမ်ထောင်စု ၁၀ စု ရှိပြီး လယ်မြေတွေက တောင်ထိပ်နဲ့ တောင်စောင်းပေါ်မှာပဲ ရှိတယ်။ နေရာကနေ လယ်ကွင်းဆီသွားဖို့ နာရီ ၂ နာရီ လောက်ကြာတာပဲ။ ဒါ့အပြင် မြေပြိုမှုနဲ့ ဆင်းရဲမှုကြောင့် အလုပ်မရှိ၊ ဝင်ငွေက နည်းပါးတယ်။ကလေးတွေ စာသင်ခန်းမရှိဘူး၊ ရှိရင်လည်း အဝေးကြီးသွားတက်ခဲ့ရတာ။ ဘဝက လုံးဝခက်ခဲ ခဲ့တယ်’’လို့ တောင်ပေါ်သား Su Wenfa က ဆိုပါတယ်။

 

စီမံကိန်းမှာ တက်ကြွစွာပါဝင်လာ

 

ဒါပေမယ့် Xichou ခရိုင်ရဲ့ ပါတီကော်မတီနဲ့ အစိုးရက ရွာပြောင်းရွှေ့ပေးပြီး Su Wenfa က ရွာသစ်ရဲ့ စီမံကိန်းထဲက လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်လာတယ်။ သစ်တောစိုက်ခင်း၊ ရေထိန်းသိမ်းစနစ်၊ ဆင်းရဲမှုလျှော့ချရေး စတာတွေကို ရွာသူရွာသားတွေနဲ့အတူ လုပ်ဆောင်ခဲ့ပြီး ယနေ့မှာတော့ နွေဦးမှာ များများစိုက်ပြီး ဆောင်းဦးမှာ မျှော်လင့်ချက်အပြည့်နဲ့ ရိတ်သိမ်းနိုင်တဲ့ ဘဝသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ။

 

ဘဝအသစ်တွေ ဖန်တီးနိုင်ခဲ့

 

Xichou County ဟာ တောင်တန်းနယ်မြေကြီးပါ။ စုစုပေါင်း ၄၄ စတုရန်း ကီလိုမီတာထဲက စတုရန်းကီလိုမီတာ ၃၀ ဟာ ကျောက်တောင်တွေ ပါပဲ။ ကျောက်တောင်တွေ၊ မြေဆီလွှာပျက်စီးမှုနဲ့ ဝင်ငွေနည်းပါးမှုကြောင့် အရင်က ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်တွေအတွင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ဘဝအသစ်တွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကျောက်တောင်မျက်နှာပြင် ၄၀ ဒသမ ၂ စတုရန်းကီလိုမီတာကို ဒေသခံတွေရဲ့ လုပ်အား၊ အစိုးရရဲ့ ပံ့ပိုးမှုနဲ့အတူ ပြုပြင်ရယူပြီး ၂၀၁၄ ခုနှစ်မှာတော့ လူပေါင်းထောင်ကျော်ကို နေရာပြောင်းရွှေ့ပေးလို့ ၂၀၁၈ ခုနှစ်မှာ အစိုးရက Xichou ခရိုင်အတွက် ယွမ်သန်း ၃၁၀ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုစတင်ခဲ့ ပါတယ်။ Banggu Youge ရွာမှာ စပါးနဲ့ ဆေးရွက်ကြီးတွေကို ငါးမီတာ စတင်စိုက်ပျိုးရာကနေ အခု အချိန်မှာတော့ ဒေသတစ်ခုလုံးရဲ့ တစ်ဦးချင်းစီ အတွက် ထွက်သီးမြေကတစ်မူ (၀ ဒသမ ၀၆၇ ဟက်တာ) ထက်ပိုပြီး အိမ်ထောင်စုတစ်စုစီအတွက် စီးပွားရေးသစ်တော သို့မဟုတ် သစ်သီးစိုက်ပျိုးရာကနေ တစ်မူထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံရဲ့ China International Press Communication Center က ဖွင့်လှစ်တဲ့ ပြည်ပ သတင်းထောက်တွေ သတင်းမီဒီယာဖလှယ်မှုနဲ့ သင်ကြားရေးအစီအစဉ်မှာ ပါဝင်ကြတဲ့ အာရှ-ပစိဖိတ်ဒေသသတင်းဌာနအသီးသီးက သတင်းထောက်အချို့ မေးမြန်းမှုအပေါ် ဒေသတာဝန်ရှိသူ Mr.Zhu Ning က ‘‘ဒီဒေသမှာ အိမ်ထောင်စု ၂၂၅၂ ခု၊ လူဦးရေ ၉၀၀၀ ကျော် နေထိုင်ကြတယ်။ Han, Zhuang, Miao, Yi လူမျိုးစုတွေ နေထိုင်ပြီး စပါး၊ လက်ဖက်၊ ဆေးဘက်ဝင်အပင်တွေ စိုက်ကြတယ်။ အခုအချိန်မှာ ကီဝီသီးအများအပြား စိုက်ပျိုးမှုနဲ့ လယ်ယာဝင်ငွေ တိုးတက်လာတာကြောင့် ဘဝက ပိုအဆင်ပြေလာပါတယ်’’လို့ ရှင်းပြပါတယ်။

 

ဒေသပြတိုက်မှာ အားကျအတုယူဖွယ် မြင်တွေ့ခဲ့ရ

 

မလျော့သောဇွဲလုံ့လနဲ့ ဒေသခံတွေ စုပေါင်းလို့ ကျောက်တုံးတွေကို စုပေါင်းထုနှက်ကြတဲ့ မြင်ကွင်းတွေ၊ အမျိုးသမီးနဲ့ လူငယ်လူရွယ်တွေက သယ်ယူပြီး မြေထိန်းနံရံတွေတည်ဆောက်တာ၊ လှေကားထစ်တောင်ယာတွေ ဖော်ဆောင်ကြတာ တွေကိုလည်း မှတ်တမ်းအဖြစ် ဒေသပြတိုက်မှာ အားကျအတုယူဖွယ် မြင်တွေ့ခဲ့ရပါတယ်။

 

သူတို့ဟာ မူလအစမှာ သစ်တောပြန်လည် ထူထောင်ရေးကို ဦးစားပေးလုပ်ဆောင်သလို သစ်တောမပြုန်းတီးဖို့ ပညာပေး၊ ဆုပေး၊ ဒဏ်ပေး စနစ်တွေနဲ့ စနစ်တကျ ထိန်းသိမ်းတယ်လို့ သိရပါတယ်။ အိမ်တိုင်းမှာ ရေသိုလှောင်ခန်းတွေ တည်ဆောက်ထားပြီး မိုးရာသီရေသုံးနိုင်အောင် စနစ်တကျ ထိန်းသိမ်းထားတယ်။ ဒီလိုကြိုးစား ရုန်းကန်ပေါင်းစည်းမှုကြောင့် သစ်တောတွေ ပြန်လည်ပေါ်ထွက်ပြီး ကျောက်တောင်ကတုံးတွေ က အစိမ်းရောင်အဖြစ် ပြောင်းလာခဲ့ပါတယ်။

 

လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုနောက်ကျရခြင်းနဲ့ ဆင်းရဲမှုရဲ့ အဓိကအကြောင်းရင်းတွေက ကျွမ်းကျင်မှု အားနည်းတာ၊ ငွေကြေးမလုံလောက်တာ၊ အလုပ်လုပ်သူ နည်းပါးတာ၊ ပညာရေးအားနည်းတာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ မလုံလောက်တာ၊ စိုက်ပျိုးနိုင်တဲ့မြေမလုံလောက်တာ၊ ကိုယ်တိုင် တိုးတက်နိုင်မှုအားနည်းတာတွေအပြင် သဘာဝဘေးတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု အားနည်းတာ တွေကြောင့် ဖြစ်ပါတယ်။ ယခုဒေသမှာတော့ အခက်အခဲတွေကို ဖြေရှင်းဖို့ Wenshan ခရိုင်က တောစိမ်း၊ ရေကြည်မြေတန်ဖိုးရှိဆိုတဲ့ မဟာဗျူဟာ နဲ့အညီ သစ်တောတွေ ပြန်လည်စိုက်ပျိုးတာ၊ ရေကို စနစ်တကျသုံးစွဲတာနဲ့ ကျေးရွာတွေ အဆင့်တိုးမြှင့်တာစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ထားပါတယ်။ 

 

အဓိက လုပ်ငန်းရှစ်ချက်ကို ထည့်သွင်းအကောင်အထည်ဖော်ခဲ့

 

တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးဖို့ကြိုးစားရုန်းကန်နေတဲ့ ကျေးလက်ဒေသဟာ မိမိတို့နိုင်ငံအတွက် အတုယူ ဖွယ်များစွာကို မြင်တွေ့နိုင်ပါတယ်။ ကျောက်တောင် ဒေသတွေဖြစ်တဲ့ ယူနန်ပြည်နယ်နဲ့ ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စတဲ့ဒေသတွေမှာ ဆင်းရဲမှု လျှော့ချရေးစီမံချက် (၂၀၁၁-၂၀၂၀) ပြန်လည် ရှင်သန်ခြင်းအစီအစဉ်အတွက် အဓိကလုပ်ငန်း ရှစ်ချက်ကို ထည့်သွင်းအကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒါတွေကတော့ (၁) ဂေဟစနစ် ပြန်လည် ထူထောင်ရေး၊ (၂) သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ စိုက်ပျိုးရေရရှိရေး၊ (၃) လယ်ယာမြေမြှင့်တင်ရေး၊ (၄) လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ (၅) စံပြ ကျေးရွာတည်ဆောက်ရေး၊ (၆) စက်မှုဖွံ့ဖြိုး တိုးတက်ရေး၊ (၇) ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ (၈) အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ သင်ကြားမှုဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရေး စတဲ့ရည်မှန်းချက်တွေနဲ့ ၂၀၀၈ ခုနှစ်မှာ စီမံကိန်းတွေ အရှိန်အဟုန်နဲ့ စတင်ခဲ့တယ်လို့ သိရပါတယ်။

 

ဆိုရရင်  မိမိတို့နိုင်ငံမှာလည်း ဒီလိုဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်မှန်းချက်ထားပြီး နိုင်ငံတော် က အင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်။ ‘‘နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့  ပညာရေးကိုအားပေးစို့၊ နိုင်ငံတော်သာယာဖို့  သဘာဝပတ်ဝန်းကျင် ထိန်းကြစို့’’ ဆိုတဲ့ ဆောင်ပုဒ်ဟာ နိုင်ငံတော်ရဲ့ ရည်မှန်းချက်၊ လမ်းညွှန်ချက်ဖြစ်သလို နိုင်ငံတော်က ဆောင်ရွက်ပေးတာကို ပြည်သူကလည်းလိုက်ပါ အကောင်အထည်ဖော်မှသာ ဖွံ့ဖြိုးမှု အားကောင်းမှာပါ။ 

 

မြန်မာနိုင်ငံစီးပွားရေးဟာ စိုက်ပျိုးရေးအပေါ် များစွာအခြေခံပါတယ်။ ကျေးလက်နေထိုင်သူ ၇၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးလုပ်အားအရင်းအမြစ် ဖြစ်တာကြောင့်  စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်း အားကောင်းလာတာနဲ့အမျှ နိုင်ငံ့စီးပွားရေး တိုးတက်လာမှာ ဖြစ်ပါတယ်။

 

နိုင်ငံတော်က ဒေသနဲ့ကိုက်ညီအောင် စိုက်ပျိုးဖို့အားပေးလျက်ရှိ

 

ဒါကြောင့် နိုင်ငံတော်က စပါး၊ ဆီထွက်သီးနှံအပြင် ဂျုံ၊ ဝါ၊ ဝါး စတာတွေကိုကို ဒေသနဲ့ကိုက်ညီအောင် စိုက်ပျိုးဖို့ အားပေးလျက်ရှိပါတယ်။ ဂျုံအစားအသောက်၊ ဝါအခြေခံအထည်အလိပ်နဲ့ ပစ္စည်းထုတ်လုပ်မှုတွေကို  တိုးတက်စေပြီး ပြည်တွင်းသုံးစွဲမှုနဲ့ ပြည်ပဈေးကွက်အတွက်လည်း ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။

 

စိုက်ပျိုးရေးကဏ္ဍမှာ အဓိကတာဝန်က စိုက်ပျိုး ရေးသွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေး၊ စိုက်ပျိုးစက်ပစ္စည်းတွေကို လိုအပ်ချက်အရ တိတိကျကျ နည်းမှန်လမ်းမှန် အသုံးချနိုင်ဖို့ ကြိုးပမ်းကြရမှာဖြစ်သလို နည်းပညာမြင့် လယ်ယာသုံးစက်ပစ္စည်းတွေကို ပြောင်းလဲအသုံးပြုတာ၊ စိုက်ပျိုးရေ ရယူသုံးစွဲမှုတွေမှာ စနစ်တကျ အသုံးပြုတာ၊ခေတ်မီစိုက်ပျိုးနည်းစနစ်  မှန်ကန်စွာ လုပ်ဆောင်တာစတာတွေမှာ မျက်ခြည်မပြတ်ဖို့နဲ့ အဆင့်မြင့် ကုန်ချောထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

 

မွေးမြူရေးကဏ္ဍမှာလည်း ခေတ်မီနည်းပညာနဲ့ ပေါင်းစပ်တဲ့မွေးမြူရေးလုပ်ငန်းတွေမှာ စီးပွားရေးပိုမိုရင်းနှီးမြှုပ်နှံခြင်းကနေ မွေးမြူရေးထွက်ကုန်တွေကို စနစ်တကျ တန်ဖိုးမြှင့်တင်ပို့ရောင်းချနိုင်တဲ့အထိ ကြိုးပမ်းကြရမှာပါ။

 

အခွင့်အလမ်းတွေကို ဖန်တီးပေးလျက်ရှိတာကို ရယူအသုံးချနိုင်ဖို့ လိုအပ်

 

မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံအများစုလို သဘာဝဘေးကို ပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရာမှာ မိုခါ မုန်တိုင်း၊ ရာဂီမုန်တိုင်း၊ မန္တလေးငလျင်လို သဘာဝဘေးအန္တရာယ်တွေကြောင့်လည်း   ဖွံ့ဖြိုးမှု လမ်းကြောင်း အနည်းငယ် နှောင့်နှေးနေခဲ့ရပါ တယ်။ ဒါကြောင့် ကမ္ဘာနဲ့အမှီလိုက်နိုင်ဖို့ လုပ်ငန်း ကျွမ်းကျင်မှုသင်တန်းတွေ (vocational training) နဲ့ လက်တွေ့ကျွမ်းကျင်မှု (practical skills) ကို မြှင့်တင်ရင် လူ့စွမ်းအားအရင်းအမြစ် (human capital) တိုးတက်လာပြီး တီထွင်ဆန်းသစ်နိုင်မှု (innovation) နဲ့ အခြေအနေ ကိုက်ညီတတ်မှု (adaptability) ကိုလည်း မြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေကို နိုင်ငံတော်က ဖန်တီးပေးလျက်ရှိတာကို ရယူအသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ 

 

မြစိမ်းရောင် စီမံကိန်းတွေ၊ စိုက်ပျိုးစရိတ် ချေးငွေ၊ သမဝါယမအသင်း တည်ထောင်လာနိုင် တာတွေအပြင် သက်မွေးပညာသင်တန်းတွေနဲ့ စက်မှုသင်တန်းကျောင်းတွေ စတဲ့အစီအစဉ်တွေကို ချိတ်ဆက်ပြီး ဝမ်းစာစွမ်းရည်ဖြည့်ဆည်းကြမယ်ဆိုရင် စီးပွားရေးမောင်းနှင်အားကို အရှိန်မြှင့်တင် နိုင်ပါလိမ့်မယ်။

 

ယူနန်ပြည်နယ် Sansuang ဒေသက ကန္တာရ ကျောက်တောင်တွေတောင် စိမ်းလန်းစိုပြည်လာ နိုင်ပါရင် မိမိတို့နိုင်ငံလို သဘာဝအရင်းအမြစ်၊ လူသားအရင်းအမြစ်ပေါကြွယ်ဝတဲ့ နိုင်ငံအဖို့ လည်း တစ်ဦးချင်းက ကျရာကဏ္ဍအလိုက် ကြိုးစားဖြည့်တင်းလို့ တစ်ယောက်တစ်လက် ဝိုင်းဝန်း ကြမည်ဆိုလျှင်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဝေးနိုင်ပါဟု ယုံကြည်မိပါတော့တယ်။      ။