ကြံခင်း နိုဝင်ဘာ ၁၁

 

နိုင်ငံ့စီးပွား ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချ ကိရိယာများနှင့် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကြံခင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ ကျင်းပသည်။

 

ပြောကြား

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိုင်ငံတော်အကြီးအကဲက နိုင်ငံ့ စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာများကို တောင်သူများ စပါး အထွက်တိုးစေရေးအပြင်၊ ကြဲခင်း စနစ်ပပျောက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကြဲခင်းစနစ်များသည် မျိုးစပါးလေလွင့် ဆုံးရှုံးမှုများစွာ ရှိသောကြောင့် လက်ဆွဲမျိုးစေ့ချ ကိရိယာဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေး တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊  ဆီထွက် သီးနှံများ စိုက်ပျိုးရာတွင် မြေပဲ တစ်မျိုးတည်း စိုက်ပျိုးခြင်းထက် ပဲပုပ်၊ နေကြာများကိုလည်း ထည့်သွင်းစိုက်ပျိုးသင့်ကြောင်း၊ သို့မှသာ ပြည်တွင်းဆီဖူလုံရေးကို ရရှိလာမည့်အပြင် တောင်သူများ ဝင်ငွေတိုးလာမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက လက်ဆွဲမျိုးစေ့ချ ကိရိယာများနှင့် ဆီထွက်သီးနှံ (ဆောင်းနေကြာ)မျိုးစေ့များကို တောင်သူများထံ ပေးအပ်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် အထက(၁) ကျောင်းရှိ အောင်ကျော်ခန်းမ၌ ရပ်ဝေးဒေသများမှလာရောက်၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ ဆရာမများကို အခြေခံစားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ ဆက်လက် တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူး ဦးခင်မောင်ထွေးနှင့် ခရိုင်ပညာရေးမှူးတို့က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုနှင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အောင်ချက် မြင့်မားရေးအတွက် ဆွေးနွေးပြောကြားပြီ အထက်တန်းပြ ဆရာ ဆရာမများက သင်ကြား ပေးနေမှုများနှင့် အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ဝေးဒေသများမှ လာရောက်၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ ဆရာမများကို အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ရာ ဆရာ ဆရာမများကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်းသိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)