ရန်ကုန် နိုဝင်ဘာ ၁၁

 

၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် တောင်သူများသို့ မျိုးစေ့ချကိရိယာများ၊ နေကြာမျိုးစေ့များ ဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု တောင်သူ ဦးမျိုးကျော်သူ၏ လယ်မြေ၌ ဆောင်ရွက်သည်။

 

ပေးအပ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သန်လျင်ခရိုင်အတွင်းရှိ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မျိုးစေ့ချကိရိယာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း အားဖြင့် တောင်သူကြီးများအတွက် ပျိုးနုတ်စိုက်ပျိုးခြင်း လုပ်အားခကုန်ကျစရိတ်ကို သက်သာစေခြင်း၊ အချိန်ကုန်သက်သာစေခြင်းနှင့် သီးနှံများ ညီညာစွာ ပေါက်ရောက်စေခြင်း တို့ကြောင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမှာစကားပြောကြားပြီး သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက သန်လျင်ခရိုင် အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က မိုးစပါးစိုက်ပျိုးမှု အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း မျိုးစေ့ချကိရိယာများ ဖြန့်ဝေအသုံးပြုမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက သန်လျင်ခရိုင်အတွင်းရှိ တောင်သူများနှင့် တာဝန်ရှိသူများအား မျိုးစေ့ချကိရိယာများနှင့် နေကြာမျိုးစေ့များကို ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က မိုးစပါးစံကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် ပြသထားသည့် မျိုးစေ့ချကိရိယာများ၊ နေကြာမျိုးစေ့ချ ကိရိယာများ၊ စပါးမျိုးစေ့နမူနာများ၊ ဓာတ်မြေဩဇာများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယနေ့ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူဦးမျိုးကျော်သူ၏ လယ်မြေကို စိစစ်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးတင်း အခြောက်ထွက်နှုန်း ၁၁၀ ဒသမ ၅ တင်း ထွက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)