ဇီးကုန်း နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက အမှတ်(၄)ရပ်ကွက် မြို့နယ်ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကား ပြောကြားပြီး ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဇံက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန်စိစစ်ခြင်း စသည့် မဲပေးပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပြီး ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၃၄ ခု၌ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်း ၃၉ ကြိမ်တွင် လူဦးရေ ၁၅၁၉၇ ဦး ကို အသိပညာပေးဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)


