ဗီလန် နိုဝင်ဘာ ၁၁
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးညီလာခံ(COP 30)အား ဘရာဇီးနိုင်ငံ ဗီလန်မြို့တွင် နိုဝင်ဘာ ၁၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းညီလာခံတွင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် ကမ္ဘာ့နိုင်ငံများကြား လက်တွဲဆောင်ရွက်ရေး သန္နိဋ္ဌာန်ကို အတည်ပြုခဲ့သည်။
ယမန်နှစ်အတွင်းက အဇာဘိုင်ဂျန်နိုင်ငံ ဗာကူမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးညီလာခံ(COP29)က ချမှတ်ခဲ့သည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် (COP 29) သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် မွခ်တာဗာဗာရက်က ကမ္ဘာ့နိုင်ငံများအား တိုက်တွန်းပြောကြားသည်။ ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာ တွင် သိပ္ပံ၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများမှတစ်ဆင့် မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ယခုနှစ် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးညီလာခံ သဘာပတိ အန်ဒရီကိုရီယာ ဒိုလာဂိုက ပြောသည်။
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရာတွင် ဘုံအကျိုးစီးပွားကိုရှေးရှုသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပါရီသဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကမ္ဘာကြီးသည် ၂၁ ရာစုအကုန်တွင် ပိုမိုပူနွေးလာမည်ဖြစ်ကြောင်း ဘရာဇီးသမ္မတ လူလာဒါဆေးဗားက ပြောသည်။ ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သည့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်အရ ကမ္ဘာကြီး အပူချိန် ကို ၁ ဒသမ ၅ ဒီဂရီ ဆဲဆီးယက်စ်အောက်တွင်သာ ထားရှိရေး သဘောတူခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


