နိုဝင်ဘာ ၁၂
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၁၂၀၀ ကျော် ထပ်မံတွေ့ရှိခဲ့ပြီး ခြင်မှတစ်ဆင့်ကူးစက်သော ဗိုင်းရပ်စ်ရောဂါကြောင့် အောက်တိုဘာလနောက်ပိုင်း သေဆုံးသူစုစုပေါင်း ၂၇ ဦးအထိ မြင့်တက်လာကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါပြည်နယ်မြို့တော် ကရာချီရှိ ဆင်းဒ်ကူးစက်ရောဂါဆေးရုံနှင့် သုတေသနဌာနတွင် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့်သေဆုံးမှုသည် နောက်ဆုံးသေဆုံးမှုဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးဌာန၏ ပြောကြားချက်အရ သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါစစ်ဆေးမှုခံယူသူ ၇၅၄၈ ဦးအနက် ၁၂၁၂ ဦးတွင် ယင်းရောဂါပိုးတွေ့ရှိခဲ့ကြောင်း ထိုဌာန၏အချက်အလက်ဖော်ပြချက်အရ သိရသည်။
မကြာသေးမီက ယင်းရောဂါဖြစ်ပွားမှုမြင့်တက်လာမှုနှင့်အတူ နိုဝင်ဘာလအတွင်း ပြည်နယ်၏ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၇၁၇၃ ဦးအထိ ရောက်ရှိခဲ့ပြီး ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ စုစုပေါင်းဖြစ်ပွားမှု ၁၂၇၅၀ အထိ ရှိလာခဲ့သည်။
လက်ရှိတွင် လူနာ ၂၅၇ ဦးသည် အစိုးရဆေးရုံများတွင် ကုသမှုခံယူလျက်ရှိပြီး ၁၇၆ ဦးသည် ပုဂ္ဂလိကဆေးရုံများတွင် ကုသမှုခံလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်နယ်၏ရောဂါဖြစ်ပွားမှုအများဆုံးဒေသများတွင် ကျန်းမာရေးအရေးပေါ်အခြေအနေကြေညာရန်နှင့် ခြင်ထိန်းချုပ်ရေးလုပ်ငန်းများကိုအရေးတကြီးစတင်လုပ်ဆောင်ရန် ကျန်းမာရေးပညာရှင်များက ပြည်နယ်အစိုးရအား တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


