ရန်ကုန်    နိုဝင်ဘာ     ၁၁

အထက်မြန်မာပြည်ကိုယ်စားပြု မန်းစီးတီးဂေါက်သီးရိုက်အသင်းနှင့် အောက်မြန်မာပြည်ကိုယ်စားပြု ရင်လုံဂေါက်သီးရိုက်အသင်းတို့၏ အဋ္ဌမအကြိမ်မြောက် MYM Cup ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ပြုလုပ်ရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ နှစ်ဖက်အသင်းဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် အထက်မြန်မာပြည်ကိုယ်စားပြု မန်းစီးတီးဂေါက်သီးရိုက်အသင်းနှင့် အောက်မြန်မာပြည် ကိုယ်စားပြု ရင်လုံဂေါက်သီးရိုက်အသင်းတို့မှ  ဥက္ကဋ္ဌများက အသင်းအလံများ လဲလှယ်ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မန်းစီးတီးဂေါက်သီးရိုက် အသင်းဥက္ကဋ္ဌ ဦးရွှေမြင့်၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌနှင့်  ရင်လုံဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ   ဦးလှမြင့်ရွှေ၊ မန်းစီးတီးဂေါက်သီးရိုက်အသင်း  ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးမြင့်စိုး၊ ရင်လုံဂေါက်သီးရိုက်အသင်း  ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ  ဦးရန်အောင်၊ မြန်မာနိုင်ငံ  ဂေါက်သီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မန်းစီးတီးဂေါက်သီးရိုက်အသင်း  ဒုတိယဥက္ကဋ္ဌ ဦးတင်ကိုကို၊ ရင်လုံဂေါက်သီးရိုက်အသင်းကြီးကြပ်ရေးမှူး ဦးစိုင်းစောမြင့်တို့က အလှည့်ကျ ဂေါက်သီးရိုက်၍  ဖွင့်လှစ်ပေးပြီး   ပြိုင်ပွဲပထမနေ့ကို စတင်ယှဉ်ပြိုင်သည်။

နိုဝင်ဘာ ၁၁ ရက်က ကျင်းပသည့်  ပြိုင်ပွဲပထမနေ့တွင် Four-Ball Match Play (နှစ်ယောက်တွဲ ကျင်းပြတ်) ပြိုင်ပွဲကျင်းပပြီး နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပမည့် ဒုတိယနေ့တွင် Individual Match Play(တစ်ဦးချင်း ကျင်းပြတ်ပြိုင်ပွဲ) ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ Ryder  Cup  ပုံစံအတိုင်း ကျင်းပသည့်ပြိုင်ပွဲ ဖြစ်သည်။               

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MGF