နေပြည်တော် နိုဝင်ဘာ ၁၂

 

၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို မြန်မာ့မီးရထားအင်ဂျင်နီယာများက ရှေးမူရင်းလက်ရာဒီဇိုင်းအတိုင်း အောင်မြင်စွာ ပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီး ဖြစ်သည်။

 

ယင်းသို့ဆောင်ရွက်ပြီးစီးမှုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် ယမန်နေ့က  ဂုတ်ထိပ်တံတားကြီးပေါ်၌ ရထားစမ်းသပ်မောင်းနှင်နေခြင်းအား သွားရောက် စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ရှိ  ကွန်ကရစ်ဇလီဖားစက်ရုံသို့ ရောက်ရှိစစ်ဆေးရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်းအမှုထမ်းများက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းကြောင့် ကွန်ကရစ်ဇလီဖားစက်ရုံ၏ ပျောက်ဆုံး/ ပျက်စီးသွားခဲ့သော စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အရန်ထားရှိသည့်ပစ္စည်းများ၊ ယာဉ်ယန္တရားများ စုစုပေါင်း ၁၇၉ မျိုး၊ ကာလတန်ဖိုးငွေကျပ် ၃၈၈၈ ဒသမ ၆၂ သန်းခန့် ဆုံးရှုံးခဲ့ရသည့် အခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံအမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေးနှင့် လုပ်ငန်းအပေါ် မူတည်၍ အရေးကြီးသည့်ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရန် ကိစ္စရပ်များကို မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် သီပေါမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အော်တိုအိတ်ချိန်း)ရုံး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြို့နယ်ရုံး)၊ သီပေါဘူတာနှင့် မြန်မာ့စာတိုက်လုပ်ငန်း (သီပေါစာတိုက်) တို့ကို ကြည့်ရှုစစ်ဆေးကာ မြန်မာ့စာတိုက်လုပ်ငန်း (သီပေါစာတိုက်)၌ ဝန်ကြီးဌာန၏ ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး ရည်မှန်းချက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရေးနှင့် မိမိတို့၏လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာ၌ စေတနာထား ကြိုးစား ဆောင်ရွက်ရေးကိစ္စများကို မှာကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်မဲမြို့သို့ သွားရောက်၍ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်းခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ကျောက်မဲဘူတာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘူတာနှင့် ယာဒ်ဝန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရထားများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းကြံ့ခိုင်မှု အခြေအနေများကို စစ်ဆေးပြုပြင်သွားရန် ကိစ္စရပ်များကို မှာကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်ဘူတာသို့ ရောက်ရှိပြီး ရာနှုန်းပြည့်ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်သည့် ဂုတ်ထိပ်တံတားကြီးပေါ်မှ ကုန်တန်ချိန် ၂၀၉ တန် တင်ဆောင်ထားသည့် ရထားတွဲဆိုင်းဖြင့် စမ်းသပ်ဖြတ်သန်း မောင်းနှင်နေမှုကို ကြည့်ရှုကာ RGC သံလမ်းပြေးယာဉ်ဖြင့် ဂုတ်ထိပ်ဘူတာမှ လားရှိုးဘက်ခြမ်းတံတားထိပ်အထိ လိုက်ပါစီးနင်း၍ ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ဂုတ်ထိပ်တံတားသည် ယခုနှစ် ဩဂုတ် ၂၄ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် တံတားကြီး၏ လားရှိုးဘက်အခြမ်း ကမ်းကပ်ခုံနှင့် တံတားတိုင်အမှတ် (၁၆) အကြား တံတားသံပေါင်နှစ်ဖက်စလုံး ကျိုးကျပျက်စီးခဲ့ရပြီး ယင်းပျက်စီးသွားသော တံတား သံပေါင်နေရာများတွင် မြန်မာ့မီးရထား အင်ဂျင်နီယာဌာန၏ တံတားပေါင်အလုပ်ရုံ (ရန်ကုန်)မှ ထုတ်လုပ်သည့် သံပေါင်များဖြင့် ရက်ပေါင်း ၇၆ ရက်အတွင်း ပြန်လည်အစား ထိုးတပ်ဆင်ပြီး ရှေးမူမပျက်ပြန်လည်ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက ဂုတ်ထိပ်တံတားကြီးကိုအချိန်တိုအတွင်း အမြန်ပြီးစီးအောင်ကြိုးစား ဆောင်ရွက်ခဲ့ကြသည့် တံတားပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုတ်ထိပ်ဘူတာသို့ RGC ရထားဖြင့် ပြန်လည်ရောက်ရှိပြီး သမိုင်းအမွေအနှစ်တံတားကြီးတစ်ခုဖြစ်သည့်အပြင် ပြည်တွင်းပြည်ပမှ ခရီးသွားများ အထူးစိတ်ဝင်စားသည့်နေရာ တစ်ခုဖြစ်သည့်အတွက် ဘူတာနှင့် ဘူတာယာဒ်ဝန်းအား အမြဲတမ်းသန့်ရှင်းသာယာ လှပအောင်ဆောင်ရွက်ကြရန် မှာကြားသည်။

 

ယခုအခါ မြန်မာ့မီးရထားမှ အင်ဂျင်နီယာ ဝန်ထမ်းများက အဆိုပါ ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသည့် အစိတ်အပိုင်းကို ရှေးမူရင်း လက်ရာဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင် ပြုပြင်ပြီးစီးပြီဖြစ်၍ ယခင် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ ပြေးဆွဲပေးလျက်ရှိသော ရှုခင်းကြည့် RBE ရထားများကိုလည်း မကြာမီ ပြန်လည် ပြေးဆွဲပေးသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်