မန္တလေး နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်နှင့် သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင် ပါရှိသည့် အာမခံစနစ် ခြောက်မျိုးအနက် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီဆောင်ရွက်နေသော အာမခံစနစ် သုံးမျိုးမှ စုစုပေါင်းအကျိုးခံစားခွင့် ၁၅ မျိုးကို ရရှိခံစားရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ် ထည့်ဝင်ကြေး ပေးသွင်းထားရှိပါက မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ဖြစ်သည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့်နှင့် ပညာသင်စရိတ် ခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း၊ မန္တလေးငလျင်ဘေးသင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အလုပ်ဌာန ၇၄၃၀၊ အာမခံအလုပ်သမား ၁၂၁၁၃၀ ကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းထုတ်ပေးသည့် ယနေ့အခမ်းအနားတွင် အာမခံအလုပ်သမား ၂၅၅၃၄ ဦးအတွက် ငွေကျပ် ၂၀၂၀ ဒသမ ၃၁၉ သန်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်း အာမခံအလုပ်သမား ၇၈၃၄၂ ဦးအတွက် ငွေကျပ် ၆၂၃၆ ဒသမ ၅၄၆ သန်းကို Online Payment စနစ်ဖြင့် အာမခံအလုပ်သမားများ၏ လက်ဝယ်အရောက် စနစ်တကျပေးအပ်နိုင်ခဲ့ပြီး လျှောက်ထားလာသည့် အလုပ်သမားများ၏ ၉၉ ဒသမ ၁၆ ရာခိုင်နှုန်းကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။
ထို့ပြင် ခွင့်ပြုပေးရန် ကျန်ရှိသည့် အာမခံ အလုပ်သမား ၂၂၉ ဦးတို့၏ သားသမီး ၃၁၃ ဦးတို့အတွက် ပညာသင်စရိတ် ငွေကျပ် ၁၂ ဒသမ ၁၀၈ သန်းကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမား ၁၁၂၁၉ ဦးတို့၏ သားသမီး ၁၅၂၁၃ ဦးတို့အတွက် ပညာသင်စရိတ် စုစုပေါင်းငွေကျပ် ၅၉၈ ဒသမ ၉၀၅ သန်းကို ပေးအပ်ပြီးဖြစ်၍ လျှောက်ထားသည့် အလုပ်သမားများ၏ ၉၅ ဒသမ ၃၆ ရာခိုင်နှုန်းကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းငွေကျပ် ၂၀၂၀ ဒသမ ၃၁၉ သန်းနှင့် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ငွေကျပ် ၁၂ ဒသမ ၁၀၈ သန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို အဆိုပါ ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့ချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များမှ ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက အဆိုပါနှီးနှောဖလှယ်ပွဲကို အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအတွက် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်သောကြောင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုအခြေအနေများ၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) ဖြင့် ဖြေရှင်းဆောင်ရွက် ပေးခြင်းကြောင့် အငြင်းပွားမှုများ လျော့နည်းလာသည့် အခြေအနေများနှင့် တက်ရောက်သူများက မိမိတို့၏ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအဖြေရှာကြစေလိုကြောင်း ပြောကြားပြီး ပထမပိုင်းအစီအစဉ် ရုပ်သိမ်းကာ ဒုတိယပိုင်း အစီအစဉ်ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်


