ကာရာကတ်     နိုဝင်ဘာ   ၁၂

ကာရေဘီယံဒေသ၌    မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို  တိုက်ဖျက်ရန်  အမေရိကန်လေယာဉ်တင်သင်္ဘောသည် ကာရေဘီယံဒေသသို့ ယမန်နေ့တွင် ရောက်ရှိလျက်ရှိသည်။

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က   မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့် သင်္ဘောများကို  စက်တင်ဘာလကတည်းက တိုက်ခိုက်ချေမှုန်းရန် အမိန့်ပေးခဲ့သည်။ ကာရေဘီယံဒေသရှိ   ဗင်နီဇွဲလားကဲ့သို့သော နိုင်ငံများမှ မူးယစ်ဆေးအမြောက်အမြား အမေရိကန်သို့ မှောင်ခိုတင်သွင်း လျက်ရှိကြောင်း ဒေါ်နယ်ထရမ့်က    အခိုင်အမာပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ မြေပြင်စစ်ဆင်ရေးများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က သတိပေးပြောကြားသည်။

ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဦးဆောင်သော တိုက်ခိုက်မှုအုပ်စုသည် လက်တင်အမေရိကနှင့် ကာရစ်ဘီယံတို့ ပါဝင်သော အမေရိကန်တောင်ပိုင်း စစ်ဌာနချုပ်သို့  ဝင်ရောက်ခဲ့ကြောင်း အမေရိကန်ရေတပ်က  ယမန်နေ့တွင် ကြေညာခဲ့သည်။

သင်္ဘော တိုက်ခိုက်ရေးအဖွဲ့တွင် တိုမာဟော့ခ်ဒုံးကျည်များ တပ်ဆင်ထားသော ဖျက်သင်္ဘောအများအပြားပါဝင်ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြသည်။

မူးယစ်ဆေးဝါးမှောင်ခိုသယ်ယူသည့် လှေငယ်များကို တိုက်ခိုက်ရန်အတွက်  အမေရိကန်၏ တပ်ဖြန့်ထားရှိမှုသည် လိုအပ်သည်ထက် အင်အားပိုမိုများပြားလျက်ရှိကြောင်း  အမေရိကန်မီဒီယာများက ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံက   ယမန်နေ့တွင်   စစ်ရေးလေ့ကျင့်မှု   စတင်ပြုလုပ်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီး    ဗလာဒီမာပါဒရီနိုနှင့်   တာဝန်ရှိသူများက   နိုင်ငံအတွင်းတပ်ဆင်ထားသော    ဒုံးကျည်များကို စစ်ဆေးကြည့်ရှုနေသည့် ဗီဒီယိုဖိုင်ကို ဗင်နီဇွဲလားနိုင်ငံပိုင် ရုပ်သံက ပြသခဲ့ကြောင်း သိရသည်။

 ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်