ရန်ကုန် နိုဝင်ဘာ ၁၂

 

အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ်(၁၄)၏ သင်တန်းဆင်း စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တက္ကသိုလ် စစ်ရေးပြကွင်း(၁)၌ ပြုလုပ်သည်။

 

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးရဲနိုင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်အလံကို အလေးပြုကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဦးရဲနိုင်အား သင်တန်းဆင်းတပ်ခွဲက အလေးပြုခြင်း၊ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ် ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဦးရဲနိုင်က အရာထမ်းလောင်းများ အနေဖြင့် ဝန်ထမ်းဂုဏ်သိက္ခာနှင့် ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို တိတိကျကျ လိုက်နာကြရန်၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပ‌‌ဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များအပြင် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်အပါး ၃၀ ကို ကိုယ်တိုင်စံပြဖြစ်အောင် လိုက်နာပြီး လက်အောက် ဝန်ထမ်းများ လိုက်နာကျင့်ကြံစေရေး ညွှန်ကြားပေးကြရန်၊ “ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ ပေးအပ်လာသည့် တာဝန်များကို စေတနာထား၍ ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။    

 

အဆိုပါ သင်တန်း၏ ဘွဲ့နှင်း သဘင်အခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်တွင် ရတနာသိင်္ဃ ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာလက်မှတ်များ ပေးအပ်သည်။ သင်တန်းသို့ သင်တန်းသား ၈၈ ဦး၊ သင်တန်း သူ ၁၂၂ဦး၊ စုစုပေါင်း ၂၁၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၂၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်ထိဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်