နေပြည်တော် နိုဝင်ဘာ ၁၂

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင် ပါဝင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံမဲစာရင်းတွင် ပါဝင်ရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မြေပြင်နေထိုင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဒုတိယအကြိမ် မဲစာရင်းများ မကြေညာမီ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာမြို့နယ်များအလိုက် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင်ပါဝင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ  နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)