တပ်ကုန်း နိုဝင်ဘာ ၁၂

 

နေပြည်တော် တပ်ကုန်းမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နှမ်း ၁၁၃၆၇ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး တောင်သူများနှမ်းသီးနှံ စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် အခက်အခဲမရှိ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မြို့နယ်အတွင်း ဆီထွက်သီးနှံ နှမ်းကို ၁၁၃၆၇ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နှမ်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တောင်သူတွေ အခက်အခဲမရှိစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများတိုးတက်စေရေး၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးပါတယ်။ ဒီဒေသမှာက ဆီထွက်သီးနှံစိုက်ပျိုးမှုအနေနဲ့ကတော့ အောင်မြင်တဲ့ အနေအထားမှာရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းပညာပေး ဝန်ထမ်းတစ်ဦးက ပြောသည်။

 

ပညာပေးလုပ်ငန်းများဆောင်ရွက်

 

တပ်ကုန်းမြို့နယ်တွင် နှမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှမ်းစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ ဘက်စုံသီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးစသည့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)