ဇင်မင်းစိုး (ဗိုလ်ကလေး)

 

တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် အမျိုးသားနေ့ဖြစ်ပါသည်။ တစ်မျိုးသားလုံး၏  အောင်ပွဲဖြစ်ပြီး မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး ဇာတိမာန်များ နိုးကြားခဲ့ရသည့် နေ့ထူး နေ့မြတ်ဖြစ်သည်မို့ “အမျိုးသားအောင်ပွဲနေ့” အဖြစ် ခေါ်တွင်ခဲ့ကြပါသည်။ 

 

သွေးခွဲအုပ်ချုပ်မှုနှင့် ဖိနှိပ်အုပ်ချုပ်မှုမျိုးစုံကို တွေ့ကြုံခံစားလာရ

 

မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့ စနစ်အောက် ကျရောက်ခဲ့ပြီးသည့်နောက် နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှုနှင့် ဖိနှိပ်အုပ်ချုပ်မှုမျိုးစုံကို တွေ့ကြုံခံစားလာရပါသည်။ နယ်ချဲ့တို့သည် ၎င်းတို့အလိုကျ အုပ်ချုပ်နိုင်စေရန်နှင့် မြန်မာတိုင်းရင်းသားပြည်သူများ စာတတ်မြောက်မှုမရှိစေရန် စာသင်ကျောင်းများ ဖွင့်လှစ်ပေးခဲ့ခြင်းမရှိပေ။

 

အဆင့်မြင့်ပညာအဆင့်တွင်လည်း မြန်မာတစ်နိုင်ငံလုံး၌ တက္ကသိုလ်အဆင့် တစ်ကျောင်းမျှ ဖွင့်လှစ်ပေးခဲ့ခြင်းမရှိဘဲ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်ဟူ၍သာ နှစ်ကျောင်းတည်း ရှိလေသည်။ မြန်မာပြည်သူများ အသိဉာဏ်ပွင့်လင်းမှုမရှိဘဲ ၎င်းတို့စိတ်တိုင်းကျ  ခြယ်လှယ်အုပ်ချုပ်နိုင်စေရန်နှင့် ပညာမတတ်သော လူတန်းစားများ ဖြစ်ပေါ်လာစေရန် စနစ်တကျ  စီမံအုပ်ချုပ်ခဲ့လေသည်။

 

ထို့ကြောင့် မြန်မာတိုင်းရင်းသားတို့သည် မိမိတို့ရင်သွေးငယ်များ စာရေးစာဖတ် တတ်မြောက်စေရန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ စေလွှတ်၍ သဒ္ဒါသင်္ဂြိုဟ်၊ လောကနီတိများ၊ ပါဠိစာပေများ သင်ယူစေခဲ့ရသည်။ ထိုခေတ်အခါက မြန်မာကလေးငယ်များသည် အင်္ဂလိပ်စာကို သင်ယူခဲ့ရခြင်းမရှိဘဲ ပညာရေးအဆင့်အတန်း နိမ့်ကျခဲ့ရပြီး ခွဲခြားဆက်ဆံခံရသည်။

 

ထိုအခြင်းအရာကိုမြင်သော ခေတ်ပညာတတ်မျိုးချစ်လူငယ်များက မြန်မာနိုင်ငံအနှံ့  အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်  သင်ကြားပေးခဲ့သည်။ မြန်မာစာပေကို အဓိကသင်ကြားပေးပြီး အင်္ဂလိပ်စာကိုလည်း သင်ကြားပေးကြသည်။ မြန်မာကျောင်းသားလူငယ်များ အထက်တန်းအဆင့်ပြီးဆုံးပါက ရန်ကုန်ကောလိပ်တွင်သာ ပညာဆက်လက်သင်ကြားကြရသည်။ 

 

နယ်ချဲ့အင်္ဂလိပ်တို့သည် ရန်ကုန်ကောလိပ်နှင့်  ဂျပ်ဆင် (ယုဒသန်) ကောလိပ်တို့ကို  ယူနီဗာစီတီအဆင့် တိုးမြှင့်ပေးခဲ့ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံ ကာလကတ္တားကောလိပ်ကိုသာ ယူနီဗာ စီတီအဆင့်သို့ တိုးမြှင့်ပေးခဲ့ပြီး ရန်ကုန်ကောလိပ်နှင့်  ဂျပ်ဆင်(ယုဒသန်) ကောလိပ်တို့ကို ကာလကတ္တားတက္ကသိုလ် အောက်တွင်ထားရှိ၍ ကာလကတ္တား တက္ကသိုလ်၏ သင်ရိုးအတိုင်း သင်ကြားစေခဲ့သည်။ ထို့ကြောင့် မျိုးချစ်လူငယ် ခေတ်ပညာတတ်များက မြန်မာနိုင်ငံတွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်(ယုဒသန်) ကောလိပ်တို့သာရှိ၍ တက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရန် အင်္ဂလိပ်အစိုးရကို ဝိုင်းဝန်းဆန္ဒပြ တိုက်တွန်းတောင်းဆိုခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရသည် ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ရန် တက္ကသိုလ်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်အက်ဥပဒေတွင် ပါဝင်သောအချက်များမှ မြန်မာနိုင်ငံ၌  တက္ကသိုလ်တစ်ခုတည်းသာရှိရမည်၊ ရန်ကုန်တက္ကသိုလ်အောက်တွင် ကောလိပ်ကျောင်း တစ်ကျောင်းတည်းသာရှိရမည်၊ ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့်ရှိသော ကျောင်းသား ကျောင်းသူများသည်  ကျောင်းအိပ် ကျောင်းစားနေရမည် စသည့် မလိုလားအပ်သော ကန့်သတ်ချက်များ ပါဝင်လာသည့်အတွက် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင်  ရန်ကုန်ကောလိပ် ကျောင်းသား ၁၁ ဦးတို့က ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်တွင် စုဝေးပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြပါသည်။

 

ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုကြသော  သမိုင်းဝင်ကျောင်းသားကြီး ၁၁ ဦးမှာ (၁) ဘခင် (I.A အထက်တန်း)၊ (၂) ဘိုးကွန်း (B.Sc အထက်တန်း)၊ (၃) ဘဦး  (B.A အထက်တန်း)၊ (၄) အောင်ဒင် (I.A အထက်တန်း)၊ (၅) ထွန်းဝင်း (I.A အထက်တန်း)၊ (၆) ဖေသိန်း (I.A အထက်တန်း)၊ (၇) ဘရှင် (သံတွဲ) (B.Sc အထက်တန်း)၊ (၈) ဘရှင် (I.A အထက်တန်း)၊ (၉) ဦးညီပိတ် (B.Sc အထက်တန်း)၊  (၁၀) လှတင် (B.A အထက်တန်း)၊  (၁၁) ဦးအေး (B.A အထက်တန်း) တို့ ဖြစ်ကြပါသည်။

 

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားကြီးများ ဦးဆောင်သော  ပထမကျောင်းသား သပိတ်စတင်ခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို့ တစ်ဟုန်ထိုး  ပျံ့နှံ့သွားခဲ့တော့သည်။

 

နောက်ဆုံးတွင် အင်္ဂလိပ်အစိုးရသည် မြန်မာတိုင်းရင်းသားတို့၏ တောင်းဆိုမှုများကို  လိုက်လျောခဲ့ရပြီး ရန်ကုန်တက္ကသိုလ်ကို  ဖွင့်လှစ်ပေးခဲ့သည်။ ထိုအောင်ပွဲသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားအောင်ပွဲပင်ဖြစ်သည်။

 

အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်

 

အမျိုးသားနေ့ သတ်မှတ်ရာတွင် အချို့က သီပေါမင်းပါတော်မူသောနေ့၊ ဦးဥတ္တမ ထောင်ကျသောနေ့များကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အကြံပြုကြလေသည်။ နောက်ဆုံးတွင် သပိတ်မှောက်ကောင်စီဝင် ဦးမြင့်က နန်းကျသောနေ့နှင့် ထောင်ကျသောနေ့ သည် မင်္ဂလာမရှိ၍ နယ်ချဲ့အင်္ဂလိပ်တို့အား ပထမဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ်  သတ်မှတ်သင့်ကြောင်း အဆိုပြုကြရာ အားလုံးက သဘောတူညီထောက်ခံခဲ့ကြ၍ အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြသည်။ 

 

ထိုနေ့မှစတင်၍ အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ်ကျင်းပလာရာ ယခုနှစ် ဆိုလျှင် (၁၀၅) နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ (၁၀၅) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့မှ သည် ဘိုးဘွားတို့ပေးခဲ့သော အမျိုးသား ရေးစိတ်ဓာတ်အမွေကို နှောင်းလူငယ်တို့ ဆက်လက်ခံယူ၍ စည်းလုံးညီညွတ်စွာ ဖြင့်  နိုင်ငံနှင့်လူမျိုး၏ အနာဂတ်ကို ဖန်တီးတည်ဆောက်ကြရမည်မှာ လူငယ်များ၏တာဝန်ပင် ဖြစ်ပါသည်။

 

ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း မိမိတို့ ဆောင်ရွက်ခဲ့သည့် အရာအားလုံးသည် နောက်လူငယ်များတွင်သာမက မိမိတို့ပါခံစားကြရမည် ဖြစ်ပါသည်။ လူငယ်လူရွယ် မောင်မယ်များကလည်း မိမိတို့ အမျိုးဘာသာ သာသနာ ထွန်းကားပြန့်ပွားတိုးတက်အောင် ကြံဆောင်လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။

 

“သင်သေသွားသော်

 

သင်ဖွားသောမြေ၊ သင်တို့မြေသည်

 

အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏

 

သင်၏မျိုးသား၊ စာစကားလည်း

 

ကြီးပွားတက်မြင့်၊ 

 

ကျန်ကောင်းသင့်၏

 

သင်ဦးချ၍ အမျှဝေရာ၊ စေတီသာနှင့်

 

သစ္စာအရောင်၊ 

 

ဉာဏ်တန်ဆောင်လည်း

 

ပြောင်လျက်ဝင်းလျက် 

 

ကျန်စေသတည်း” 

 

ဟူသည့် ဆရာဇော်ဂျီ၏ နှိုးဆော်ချက်အတိုင်း လူငယ်လူရွယ်များ လိုက်ပါလုပ်ဆောင်ကြရန် လိုအပ်လှပါသည်။

 

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်လှမ်း

 

မိမိနိုင်ငံ၊ မိမိလူမျိုးများ ကမ္ဘာ့အလယ် ဝင့်ထည်နေစေရန် ကြိုးပမ်းတည်ဆောက်ကြရမည်မှာ လူငယ်များ၏တာဝန်ပင် ဖြစ်ပါသည်။ ကျေးဇူးရှင် အမိနိုင်ငံတော်ကြီး၏ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်သော လူငယ်လူရွယ် မောင်မယ်များက ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို လျှောက်လှမ်းကာ အတွေးအခေါ် မြင့်မြင့်မားမားဖြင့် အနာဂတ် တိုင်းပြည်ကို ထုဆစ်ပုံဖော်ကြရမည် ဖြစ်ပါသည်။ 

 

အမျိုးသားအောင်ပွဲနေ့ကပေးသော သင်ခန်းစာများနှင့် စည်းလုံးညီညာအောင်ကြောင်းဖြာသော စိတ်ဓာတ်တို့ကို အရင်းပြု၍ တိုင်းရင်းသားအားလုံး တစ်စိတ်တစ်ဝမ်းတည်းစိတ်ဖြင့် စုစည်း ညီညာကြရမည်ဖြစ်ပါသည်။ 

 

“အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ”

 

“ဥပဒေကို လေးစားပါ”

 

“ပြည်ထောင်စု ငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”

 

“နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စို့” 

 

“အမျိုးသားနေ့ တို့မမေ့”

 

“အမျိုးသားအောင်ပွဲ တို့ဆင်နွှဲ”

 

ဟူသော ဆောင်ပုဒ်များအတိုင်း မိမိတို့ ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မမေ့လျော့စေရန် အစဉ်အမြဲ နှလုံးသွင်းထားကြရမည်ဖြစ်ပါသည်။

 

‘နွားကွဲလျှင် ကျားဆွဲမည်’ ဟူသော အသိဖြင့် ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်ဟူသော စိတ်ဓာတ်ခွန်အားကို မွေးမြူထားကြရမည်ဖြစ်ပါသည်။ ယနေ့အချိန်အခါတွင် နယ်ချဲ့တို့သည် ရှေးယခင်ကလို တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်သိမ်းပိုက်ခြင်း ဦးစွာမပြုတော့ဘဲ ထိုနိုင်ငံ၏ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့ကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ပြီး နိုင်ငံတော်ကြီး အစိတ်စိတ် အမြွှာမြွှာကွဲမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်သည့် ခေတ်သစ်နယ်ချဲ့စနစ်ကို ကျင့်သုံးလာကြပြီဖြစ်ပါသည်။

 

ထိုအကြောင်းအရာကို လူငယ်များက သတိရှိစွာဖြင့် စဉ်းစားချင့်ချိန်ကာ မှန်မှန်ကန်ကန် တွေးခေါ်ယူဆ၍ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ထင်းစည်းကဲ့သို့  စည်းစည်းလုံးလုံးနေကြမှသာ ဥမကွဲသိုက်မပျက် အတူတကွ နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။ 

 

(၁၀၅) နှစ်ပြည့် အမျိုးသားအောင်ပွဲ နေ့တွင် လူငယ်လူရွယ်များ၏ အခန်းကဏ္ဍနှင့်  စည်းလုံးညီညွတ်မှု၏ တွန်းအားတို့ကို အလေးပေး ထည့်သွင်း ဖော်ပြထားသည်ကို တွေ့မြင်ရပါသည်။ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်မြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်အားပေးလျက်ရှိသည်ကို တွေ့မြင်ရပါသည်။

 

ပညာရေးနှင့် ပတ်သက်၍လည်း မျှော်မှန်းချက်များထားရှိကာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ ပညာရေး မျှော်မှန်းချက် သုံးရပ်မှာ -

 

 (၁)    အသိပညာ၊ အတတ်ပညာ ပြည့်စုံသော ပညာတတ်များ ပေါများရေး၊

 

(၂)    အရည်အသွေးရှိသော သင် ကြားသင်ယူမှု မြှင့်တင်ရေး၊

 

(၃)    အသုံးချ  သုတေသနနှင့် ဆန်းသစ်တီထွင်မှု အားပေးရေး 

 

တို့ဖြစ်ရာ နိုင်ငံတော်၏ လူငယ်လူရွယ်များအပေါ်ထားရှိသော မေတ္တာစေတနာနှင့်  လူငယ်များ၏ တာဝန် ဝတ္တရားများကိုပါ ပူးတွဲတွေ့မြင်ရပါသည်။

 

မိမိနိုင်ငံ၊ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းကြရာတွင် အဓိကကျသော လူငယ်လူရွယ်များက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မြင့်မားနေရန် အလွန်အရေးကြီးပါသည်။ ပညာတတ်မှ တွေးခေါ်နိုင်ပြီး အမှား၊ အမှန် စဉ်းစား ချင့်ချိန်နိုင်မည်ဖြစ်ပါသည်။  အကျိုးအကြောင်း အဆိုးအကောင်းကို ခွဲခြမ်းစိတ်ဖြာနိုင်ကာ မိမိတို့တာဝန်များကို မလစ်ဟင်းအောင် စီမံဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။

 

 မိမိကိုယ်ကိုချစ်လျှင် တိုင်းပြည်ကိုလည်း ချစ်ကြမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအအောင် သင်ကြားပေးခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း မှတ်သားခဲ့ရဖူးသည်။ အမျိုးသားအောင်ပွဲ နေ့သမိုင်းကိုသိမှ မိမိတို့ ဘာလုပ်ရမည်ဆို သည့်တာဝန်ကို သိမြင်လာမည်ဖြစ်ပါသည်။

 

ဘိုးဘွားတို့ အသက်သွေးချွေးတို့ ရင်းပြီး ရရှိခဲ့သည့် အောင်ပွဲများသည် မှတ်ကျောက်တင်နိုင်သည်အထိ ရဲရင့်ခဲ့သည်။ ကျွန်ပညာရေးစနစ်ကို အပြီးတိုင် မြေလှန်ဖျက်သိမ်းခဲ့သော အမျိုးသား အောင်ပွဲနေ့ မှတ်တမ်းများက ဥဒါန်းတွင် ကျန်ရစ်ခဲ့မည့် အမျိုးသားအမွေအနှစ် တစ်ခုလည်း ဖြစ်ပါသည်။

 

ထို့ကြောင့် ကျွန်ုပ်တို့သည် အမျိုးသား အောင်ပွဲနေ့မှရရှိသော သမိုင်းသင်ခန်းစာ များအား လေ့လာမှတ်သားပြီး ဆက်လက်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ  ထမ်းဆောင်ရမည်မှာ မလွဲဧကန်ဖြစ်ကြောင်း  တင်ပြရင်း (၁၀၅) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ကို  ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။