စစ်တွေ နိုဝင်ဘာ ၁၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့၌ ပထမနှစ်သင်တန်း တက်ရောက်မည့် ကျောင်းသား ကျောင်းသူများက ပြည်နယ်ဝန်ကြီးချုပ်ထံမှ သြဝါဒခံယူခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ကြိုးစားသင်ယူကြစေလို
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးသည် များစွာအရေးကြီးကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိဘဝ တိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိတို့ကိုယ်တိုင် ကြိုးစားမှ အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ ပညာရေးသည် ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည့်အတွက် ကြိုးစား သင်ယူကြစေလိုကြောင်း၊ မိမိတို့ ပြည်နယ်ဂုဏ်တက်စေရန် ထူးချွန်ထက်မြက်သောသူများဖြစ်အောင် ပညာကိုကြိုးစား သင်ယူကြစေလိုကြောင်း၊ သို့မှသာ နောင်တစ်ချိန်တွင် ပြည်နယ်အတွက်၊ နိုင်ငံအတွက် အားကိုးအားထားပြုရသော ထူးချွန်ထက်မြက်သည့် လူတော်၊ လူကောင်းများဖြစ်လာ မည်ဖြစ်ကြောင်းနှင့် သင်တန်းများတွင် သင်ကြားပို့ချမှုများကို စိတ်ဝင်တစားဖြင့် သင်ယူကြပြီး မိမိတို့၏ ဘဝတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


