ရန်ကုန် နိုဝင်ဘာ ၁၂

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်ဖြစ်သော မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ (၂၀၂၅)ဖြင့် “Student’s Cultural Exchange Programme” ကို နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ကျင်းပသည်။

 

ပြောကြား

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတွင် ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍ ဖလှယ်ခြင်းသည် အရေးပါသည့် ကဏ္ဍများထဲက တစ်ခုဖြစ်ကြောင်း၊ နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် နားလည်ပေးနိုင်မှုတို့အပေါ် အခြေခံထားသော နွေးထွေးသော ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဆရာနှင့် ကျောင်းသား ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ကျောင်းသားကိုယ်စားလှယ် တစ်ဦးစီက ကျေးဇူးတင်စကား ပြောကြားပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာဦးစီးဌာနမှ ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

 

ယနေ့နံနက်ပိုင်းတွင် Student’s Cultural Exchange program တွင် ပါဝင်သော ဆရာ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ အမျိုးသားပြတိုက်နှင့် ဝန်ကြီးများရုံးသို့ လေ့လာခဲ့ကြပြီး ယဉ်ကျေးမှုဖလှယ်ခြင်းတွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် ဆောင်ရွက်သင့်သောလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို နိုင်ငံအလိုက် ဆွေးနွေးကြသည်။

 

အနှစ်ချုပ်ဆွေးနွေး

နိုဝင်ဘာ ၁၀ ရက်တွင် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျောင်းသား ကျောင်းသူများ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာကျောင်းသားကိုယ်စားလှယ်က မြန်မာကျောင်းများ၏ အလေ့အထ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာဆိုင်ရာများ၊ တရုတ်နိုင်ငံ ကျောင်းသားကိုယ်စားလှယ်က Chongqing Education System အလေ့အထဆိုင်ရာများနှင့် ထိုင်းနိုင်ငံ ကျောင်းသားကိုယ်စားလှယ်က ပညာရေး၊ ရိုးရာယဉ်ကျေးမှုအနုပညာ ဆိုင်ရာများကို တင်ပြဆွေးနွေးကြပြီး တာဝန်ရှိသူများက အနှစ်ချုပ် ဆွေးနွေးကြသည်။

 

နိုဝင်ဘာ ၁၁ ရက်တွင် Student’s Cultural Exchange program တွင် ပါဝင်သော ဆရာ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများသည် ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းနှင့် ရွှေတိဂုံစေတီတော်သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်