ရေကြည် နိုဝင်ဘာ ၁၂

 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ရေကြည်မြို့နယ် စိမ်းလဲ့ရေကြည်ခန်းမ၌ ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

မျိုးစေ့များ ပေးအပ်

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုမရှိသေးသဖြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးမြေဧရိယာများတွင် တစ်သီးစိုက်၊ နှစ်သီးစိုက်၊ သီးညှပ်စိုက်ခြင်းအားဖြင့် သီးနှံပေါကြွယ်ဝခြင်း၊ ဝင်ငွေတိုးတက်စေခြင်းများ ခံစားရမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြေပဲစိုက်တောင်သူ၊ နေကြာစိုက်တောင်သူနှင့် ပဲပုပ်စိုက်တောင်သူများအား ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကြာကန်ကျေးရွာအုပ်စု ဇရပ်ဝိုင်း ကျေးရွာရှိ တောင်သူ ဦးခင်မောင်ထွန်း၏ မှော်ဘီ(၃)စပါးစိုက်ဧက ၁၀ ဧက၊ မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများက တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။ အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းရာတွင် မိုးစပါးမှော်ဘီ(၃) အစိုထွက် ၁၅၅ တင်းနှင့် အခြောက်ထွက် ၁၄၆ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)