ရန်ကုန် နိုဝင်ဘာ ၁၂

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်နှင့် မြို့နယ်များမှ စိုက်ပျိုးရေးပညာရှင် ၆၀ အား စပါးပန်းတိုင်ထွက်နှုန်း ရရှိရေးအတွက် ထွက်နှုန်းကွာဟချက်အပေါ် လေ့လာဆန်းစစ်သည့် (OTO)သင်တန်းကို ယနေ့နံနက်ပိုင်းက ပို့ချသည်။

 

အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်နိုင်က ဆန်စပါးစိုက်ပျိုးမှုတွင် ပန်းတိုင်ထွက်နှုန်းရရှိစေရန် တောင်သူလယ်သမားများနှင့် ပုံမှန်ထိတွေ့ပြီး စပါးအမြင့်ဆုံးထွက်သည့် တောင်သူနှင့် အနိမ့်ဆုံးထွက်ရှိသည့် တောင်သူတို့အား စစ်တမ်း ကောက်ယူကာ ထွက်နှုန်းကွာဟ လျော့နည်းရမှုအပေါ် ဆန်းစစ်ခြင်း၊ အထွက်နှုန်းကွာဟမှု ဖြစ်ပေါ်ပါက စိုက်ပျိုးမြေ၊ မျိုးစပါး၊ ပိုး၊ ရေနှင့် နည်းပညာပိုင်းဆိုင်ရာတို့ကို ပြန်လည်လေ့လာ ဆန်းစစ်ပြီး စပါးပန်းတိုင်အထွက်နှုန်းရရှိရေးကို ဦးတည်ဆောင်ရွက်ကြရန်နှင့် ပန်းတိုင် ၁၃ မျိုးနှင့် အခြားအရေးကြီးသော စိုက်ပျိုးသီးနှံများကိုလည်း အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

 

စပါး ပန်းတိုင်ထွက်နှုန်းရရှိရေး အထွက်နှုန်း ကွာဟချက်အပေါ် လေ့လာဆန်းစစ်သည့် (OTO) သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး သီးနှံကာကွယ်ရေးရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းစန်းဝင်း၊ တိုင်းဒေသကြီး စီမံကိန်းဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာချိုနှင့် သန်လျင်ခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်တို့က တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်၍ ပန်းတိုင်ထွက်နှုန်းရရှိရန် အထွက်နှုန်းကွာဟချက်အပေါ် လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်များ၊ သုတေသန စစ်တမ်း မေးခွန်းလွှာများ ပြင်ဆင်ခြင်း၊ အချက်အလက်များ စာရင်းသွင်းခြင်းနှင့် စစ်ဆေးခြင်း၊ စပါးထွက်နှုန်းကွာဟမှုကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သောအခြေအနေများနှင့် ပတ်သက်၍ တစ်ရက်တာသင်တန်း ပို့ချခဲ့ကြောင်း သိရသည်။

ဥဿ

ဓာတ်ပုံ - ကိုလွင်