မကွေး နိုဝင်ဘာ ၁၂

 

(၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့နယ် ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတား ချဉ်းကပ်လမ်းဖွင့်ပွဲနှင့် ရေတွင်းကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲ အခမ်းအနားများကို နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းက အဆိုပါမုခ်ဦးရှေ့များ၌ ကျင်းပသည်။

 

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများက မင်းဘူးမြို့နယ် ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတား ချဉ်းကပ်လမ်းနှင့် ရေတွင်းကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်းတို့အား မုခ်ဦးရှေ့များတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုအချိန်မှာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူလူထုမှ တင်ပြတောင်းဆိုသည့် ကျေးလက်ရေရရှိရေးနှင့် လမ်း၊ တံတားလုပ်ငန်းများကို Quick Win အစီအစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း၊ ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတား ချဉ်းကပ်လမ်းနှင့် ရေတွင်း ကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည့်အတွက် ဒေသခံခြောက်ရွာ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ရာ ကျေးလက်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဒေသခံ ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြရန် ပြောကြားသည်။

 

ထို့နောက် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းဖြူကျေးရွာအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)