မှော်ဘီ နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက မှော်ဘီမြို့နယ် မြောင်းတကာ သံမဏိရည်ကျို စက်မှုဇုန် စက်မှုဇုန်စီမံခန့်ခွဲရေးရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခုံသမာဓိကောင်စီ အစိုးရကိုယ်စားလှယ် ဒေါ်တင်တင်ဝင်းက အလုပ်သမားရေးရာအငြင်းပွားမှုများမှ သိသင့်သောကိစ္စရပ်များအား ဆွေးနွေးပို့ချခြင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်သည့်ဥပဒေများနှင့် နည်းဥပဒေများကို ရှင်းလင်း ပြောကြားခြင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှဦးစီးအရာရှိ ဦးနေဝင်းက အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေနှင့် နည်းဥပဒေများကို ရှင်းလင်းပြောကြားခြင်း၊ လူမှုဖူလုံရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းစန်းက လူမှုဖူလုံရေး ဥပဒေပါအာမခံစနစ်များ ထည့်ဝင်ကြေးနှုန်းထားများ၊ ငွေကြေး အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားကာ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ စည်းကြပ်သော ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများ အငြင်းပွားမှု ဖြေရှင်းခြင်း နည်းလမ်းများကို စာတွေ့၊ လက်တွေ့ပို့ချရှင်းလင်းသည်။
အဆိုပါသင်တန်းတွင် မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)


