အင်္ဂလန်ပရီမီယာလိဂ်ဟာ ဒီဇင်ဘာလအတွင်း ကျင်းပမယ့် အာဆင်နယ်အသင်း၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ ပတ်သက်နေတဲ့ ပရီမီယာလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမယ့်ရက်ကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။
ကနဦး ပရီမီယာလိဂ်ပွဲစဉ် ဇယားအရ အာဆင်နယ်အသင်းနဲ့ အဲဗာတန်အသင်းပွဲစဉ်၊ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းပွဲစဉ်တွေကို ဒီဇင်ဘာ ၂၁ ရက်(တနင်္ဂနွေနေ့)မှာ ကျင်းပဖို့စီစဉ်ထားပေမယ့် လက်ရှိအချိန်မှာတော့ ဒီဇင်ဘာ ၂၀ ရက် (စနေနေ့)မှာ ပြောင်းရွှေ့ကျင်းပ သွားမှာ ဖြစ်ပါတယ်။
အခုလို ရက်ပြောင်းရွှေ့ကျင်းပမှာဖြစ်တဲ့အတွက် အာဆင်နယ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ ဒီဇင်ဘာ၂၃ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် အီးအက်ဖ်အယ်လ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်ချိန်ရက်ပိုရတော့မှာ ဖြစ်ပါတယ်။
အီးအက်ဖ်အယ်လ်ဖလားပွဲစဉ်ကို ကနဦးက ဒီဇင်ဘာ ၁၆ ရက်မှာ ကျင်းပရမှာဖြစ်ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းက ကွန်းဖရန့်လိဂ်ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ အီးအက်ဖ်အယ်လ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ဒီဇင်ဘာ ၂၃ ရက်သို့ ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။
ပရီမီယာလိဂ်ပွဲစဉ် ယှဉ်ပြိုင်မယ့်ရက် ပြောင်းရွှေ့ပေးဖို့ ပရီမီယာလိဂ်အဖွဲ့အစည်းထံ အာဆင်နယ်အသင်းနည်းပြ အာတီတာက တောင်းဆိုခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းဟာ အီးအက်ဖ်အယ်လ်ဖလား ကွာတားဖိုင်နယ်အဆင့်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ လည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပရီမီယာလိဂ်အမှတ်ပေးဇယား ရပ်တည်မှုမှာတော့ ပွဲစဉ်(၁၁)အပြီးမှာ အာဆင်နယ်အသင်းက ရမှတ် ၂၆ မှတ်နဲ့ဇယားထိပ်မှာ ဦးဆောင်နေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၀)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


