ဒမတ်စကတ် နိုဝင်ဘာ ၁၂
ဆီးရီးယားနိုင်ငံ၌ စွမ်းအင်ကဏ္ဍပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆောင်းရာသီမတိုင်မီ ပြည်သူလူထုအပေါ် သက်ရောက်မှုရှိသည့် ငွေကြေးဖိအားကိုလျှော့ချနိုင်ရန် ပြည်တွင်းစက်သုံးဆီဈေးနှုန်းကို ၃၀ ရာခိုင်နှုန်း လျှော့ချလိုက်ကြောင်း ဆီးရီးယားစွမ်းအင်အာဏာပိုင်များက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ထိုကဲ့သို့ ဈေးနှုန်းလျှော့ချမှုသည် ပြည်တွင်းရေနံထုတ်လုပ်မှုမြင့်တက်လာခြင်းနှင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာခြင်းတို့ဖြစ်ကြောင်း စွမ်းအင်ဆိုင်ရာ အာဏာပိုင်များ၏ ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး အာမက်ဆူလိုင်မန်းက Al-Ikhbari-ya ရုပ်မြင်သံကြားသို့ ပြောကြားသည်။
ဈေးနှုန်းသစ်များအရ ဒီဇယ်တစ်လီတာလျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၅ ဒေါ်လာ၊ ဓာတ်ဆီတစ်လီတာလျှင် ၀ ဒသမ ၈၅ ဒေါ်လာသို့ ကျဆင်းသွားမည်ဖြစ်ကာ အိမ်သုံးဓာတ်ငွေ့စလင်ဒါတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဒေါ်လာသို့ ကျဆင်းသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
ထိုကဲ့သို့ ဈေးနှုန်းလျှော့ချမှုမှာ မကြာသေးမီက လျှပ်စစ်ဓာတ်အားခမြင့်တက်ပြီးနောက် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို ပြေလျော့စေရန် လုပ်ဆောင်ပုံရကြောင်း သိရသည်။
ဆင်ဟွာ


