ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းသည် အမြဲတမ်းနည်းပြအဖြစ် ခြောက်လကြာ တာဝန်ယူပြီးနောက် အလန်းရှီးဟန်းကို နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။
ရှီးဟန်းသည် ယာယီနည်းပြဘဝတွင် ဆွမ်ဆီးအသင်းကို ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်ပေးနိုင်ပြီးနောက် ၂၀၂၄-၂၀၂၅ ရာသီနောက်ပိုင်းတွင် အသင်းမှထွက်ခွာသွားသော လူကီဝီလီယံ၏ နေရာကို အမြဲတမ်းနည်းပြအဖြစ် အစားထိုးခန့်အပ်ခြင်းခံခဲ့ရသည်။
သို့သော်လည်း အသက် ၃၉ နှစ်အရွယ် ရှီးဟန်းသည် ယခုနှစ်ရာသီတွင် ဆွမ်ဆီးအသင်း၏ လိဂ်အဖွင့် ၁၅ ပွဲတွင် လေးပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။ ယခုနှစ်ရာသီတွင် လက်ရှိအချိန်ထိ ဆွမ်ဆီးအသင်း စုဆောင်းရရှိသောရမှတ်များမှာ ၂၀၁၈ ခုနှစ်တွင် ပရီမီယာလိဂ်မှ တန်းဆင်းပြီးနောက် အဆိုးရွားဆုံးရမှတ် စုဆောင်းနိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဆိုးရွားသည့်ကာလတစ်ရပ်ကို ဖြတ်ကျော်ပြီးနောက် ရလဒ်များနှင့် စွမ်းဆောင်ရည်များသည် ယခု နှစ်ရာသီတွင် မျှော်မှန်းထားသည့် စံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း၊ ထို့ကြောင့် နည်းပြအဖြစ်မှ ထုတ်ပယ်ရန် ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချခဲ့ရကြောင်း အသင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဆွမ်ဆီးအသင်းသည် နိုဝင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲ တွင် အစ်ဆွစ်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ထို့ကြောင့် ဆွမ်ဆီးအသင်းသည် ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲတွင် ၁၅ ပွဲကစားပြီး လေးပွဲနိုင်၊ ငါးပွဲသရေ၊ ခြောက်ပွဲရှုံးရလဒ်ဖြင့် အဆင့် (၁၈) တွင် ရပ်တည်နေသည်။
ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) အပြီးတွင် အမှတ်ပေးဇယားကို နည်းပြလမ်းပတ်၏ ကိုဗင်ထရီအသင်းက ရမှတ် ၃၄ မှတ်ဖြင့် ဦးဆောင် ထားသည်။ ယင်းနောက် မစ်ဒယ်ဘရော့အသင်းက ရမှတ် ၂၉ မှတ်ဖြင့် ဒုတိယနေရာမှ အနီးကပ်ဖိအားပေးလျက်ရှိသည်။
အောင်ဇော်


