နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိမှု၊ ပြည်နယ်ဆိုင်ရာ အချက်အလက်များ၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ငါး/ပုစွန်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်လုပ်မှုများ တိုးတက်စေရေး သင်တန်းများပို့ချပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသဝမ်းစာဖူလုံမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသအတွင်းခရီးသွား လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများဝင်ရောက်မှု၊ ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်လျက်ရှိမှု၊ ကရင်ပြည်နယ်အတွင်း တရားမဝင်ရောက်ရှိနေသည့် ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးလျက်ရှိမှု၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက ဘားအံမြို့တွင် သံလွင်မြစ်၏ မြစ်ရေများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများ ရေဘေးသင့်ခဲ့မှုကြောင့် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရက အစားအသောက်များနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့မှုနှင့် ဘားအံမြို့တွင် သံလွင်မြစ် ရေကြီးရေလျှံမှု မရှိစေရေးအတွက် လိုအပ်သည့် မြစ်ကြောင်းရှင်းလင်း ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးစေလိုမှု၊ မွေးမြူရေးလုပ်ငန်အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများ ထပ်မံထုတ်ချေးပေးစေလိုမှု၊ စပါးစိုက်ပျိုးရေးအတွက် လိုအပ်သောသွင်းအားစုများ ပံ့ပိုးကူညီပေးစေလိုမှု၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ တိုင်းရင်းသားဘာသာစကား သင်ကြားလျက်ရှိသည့် တိုင်းရင်းသား ဆရာဆရာမများအား ထောက်ပံ့ကြေး တိုးမြှင့်ပေးစေလိုမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့် ပတ်သက်၍ ပြည်နယ်အဆင့် တာဝန်ရှိသူများက သံလွင်မြစ် ရေကြီးရေလျှံမှု လျော့နည်းစေရေး လိုအပ်သည့် မြစ်ကြောင်နေရာများအား သောင်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိမှု၊ ဘားအံမြို့အား ရေကြီးရေလျှံမှုလျော့ပါးစေရေး ရေထိန်းတမံများ တည်ဆောက်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဘားအံမြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် အခြားမြို့များ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအား တွက်ချက်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘားအံမြို့ ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ အထက်ပိုင်းဒေသတွင် မိုးများစွာရွာသွန်းသည့်အချိန်နှင့် ဒီရေတက်သည့်အချိန်များတွင် ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေကြောင်း၊ ဘားအံဒေသအတွင်း ယခင်က စီမံဆောင်ရွက်ခဲ့သည့် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်မည်ဆိုပါက ရေကြီးရေလျှံမှုများကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် ဒေသအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ သဘာဝအရ ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများကိုလည်း အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် အဆိုပါရေအားလျှပ်စစ် စီမံကိန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ကရင်ပြည်နယ်သည် သာယာလှပသည့် ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့သာယာလှပရေးနှင့် ဒေသသာယာလှပရေးအတွက် ဆောင်ရွက်ကြရန်လိုသကဲ့သို့ ဒေသရိုးရာ အစားအသောက်များကိုလည်း ပိုမိုသန့်ရှင်းပြီး ခရီးသွားများအား ဆွဲဆောင်မှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဒေသအတွက် ဝင်ငွေများစွာရရှိစေသဖြင့် ဒေသအတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမည် ဆိုပါက ခရီးသွားလုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် မြေနေရာများအား ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ဘားအံမြို့အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုကို တားဆီးကာကွယ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်း လေ့လာဆန်းစစ်မှုများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံထုတ်ပေးသွားမည့် အခြေအနေများ၊ စပါးစိုက်ပျိုးရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိမှု၊ ကရင်ပြည်နယ်အတွင်း မြေနိမ့်ကော်ဖီ (ရိုဘတ်စတာမျိုး)များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်မှု၊ ငရုတ်ကောင်းစိုက်ပျိုးမှု တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်စေလိုမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ လယ်ယာမြေများကို ဥပဒေနှင့်အညီ အသုံးပြုဆောင် ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများ ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးနှင့် အခြားလိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ ကရင်ပြည်နယ်အတွင်း သစ်ပင်သစ်တောများ တိုးတက်စေရေးဆောင်ရွက်ပေးလျက်ရှိမှုနှင့် အခြားကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ် အေးချမ်းသာယာပြီး ငြိမ်းချမ်းပါစေကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီကာလအတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးဆုံးပြီးချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အစိုးရအသစ်ဖြင့် နိုင်ငံတော်တာဝန်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း၊ ကောင်းမွန်သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ကောင်းမွန်သည့်နိုင်ငံရေး လမ်းကြောင်းကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိသည့် ဒေသများတွင် တိုးတက်မှုများရရှိနိုင်မည်ဖြစ်သကဲ့သို့ တည်ငြိမ်အေးချမ်းမှုမရှိသည့် ဒေသများတွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည်မဟုတ်ကြောင်း။
နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သကဲ့သို့ ဒေသတွင်နေထိုင်သည့် သူများကလည်း အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်ကြောင်း၊ အလားတူ ပညာရည်မြင့်မားရေးသည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်းပြီးချိန်တွင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့”ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခုအနေဖြင့် အလုပ်လုပ်ကိုင်မှသာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို ဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အတတ်ပညာများ လိုအပ်ကြောင်း၊ အတတ်ပညာရှိရန်အတွက် အတန်းပညာများမြင့်မား ရန်လိုအပ်သဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရည်အားနည်းသူများကို ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးချနိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
Polytechnic ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်
မိမိတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် ကျောင်းသားကျောင်းသူများ များစွာရှိကြောင်း၊ ၎င်းတို့အား နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တိုင်ပင်၍ သက်ဆိုင်ရာ ပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း။
တိုးတက်သည့် နိုင်ငံတိုင်းသည် ပညာတတ်များပေါကြွယ်ဝပြီး ရာနှုန်းပြည့်နီးပါးခန့် အဆင့်မြင့်ပညာများ တတ်မြောက်သည့် နိုင်ငံများဖြစ်သည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခြေခံပညာအဆင့်၊ အလယ်တန်းပညာအဆင့်၊ အထက်တန်းပညာအဆင့်နှင့် အဆင့်မြင့်ပညာ အဆင့်များအလိုက် ပြီးဆုံးမှုများမှာ ရာခိုင်နှုန်းအလိုက် နည်းပါးမှုရှိသည်ကို တွေ့ရကြောင်း၊ ကရင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာရှိပြီး အမှန်တကယ် လုပ်ကိုင်နိုင်ကြရန်နှင့် နည်းစနစ်တကျဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း။
ကရင်ပြည်နယ်အတွင်း တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးအတွက် လိုအပ်လျက်ရှိနေသေးကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဝမ်းစာဖူလုံမှုနှင့် ဒေသဝင်ငွေတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး တိုးတက်စေရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ စီပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုများ တိုးတက်ကောင်းမွန်လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများ လိုအပ်ကြောင်း၊ နိုင်ငံရေးမောင်းနှင်အား ကောင်းမွန်မှသာ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မည်ဖြစ်ပြီး စီးပွားရေးမောင်နှင်အား ကောင်းမွန်မှသာ ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးအား ကောင်းမွန်မှုသည် နိုင်ငံတစ်ခုအတွက် မဖြစ်မနေ အရေးကြီးသည့် ကဏ္ဍမှပါဝင်သဖြင့် စီးပွားရေးအားကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း။
ကရင်ပြည်နယ်အတွင်း လယ်ယာမြေအများစု၌ ရေများဖုံးလွှမ်းလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထိုသို့ ရေများဖုံးလွှမ်းလျက်ရှိခြင်းကြောင့် ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးရန်အတွက် အခက်အခဲရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ရေဖုံးလွှမ်းမှုများ လျော့နည်းစေရေးအတွက် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ပုစွန်မွေးမြူရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်သဖြင့် ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည်ဆိုပါက ဒေသအကျိုးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အလားတူ ဒေသအတွက်လိုအပ်သည့် အသား၊ ငါးနှင့်ဥများ ထုတ်လုပ်မှုတိုးတက်စေရေး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ထိုက်သင့်သည့် အသား၊ ငါး ဈေးနှုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း။
ကရင်ပြည်နယ်အတွင်း ပညာရည်မြင့်မားစေရေးအတွက် တန်းစဉ်ကူးပြောင်းမှုများ မြင့်မားနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အကြောင်းအမျိုးမျိုးအရ တန်းစဉ်ကူးပြောင်းမှုများ နည်းပါးနေသေးကြောင်း၊ ပညာရေးကိုအားပေးမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အထက်တန်းပညာအဆင့် ပြီးဆုံးအောင်သင်ကြားနိုင်မှု မရှိသူများအတွက်လည်း အလုပ်အကိုင်များရရှိရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရှိပြီးသား လူသားအရင်းအမြစ်များ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နိုင်စေရေး သင်တန်းများဖွင့်လှစ်ဆောင်ရွက် ပေးသွားကြရန်လိုကြောင်း၊ ခရိုင်များအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် အထွက်နှုန်းများ တိုးတက်လာပြီး တောင်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အတွင်း ပညာရည်ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုကြောင်း။
ကရင်ပြည်နယ်သည် နိုင်ငံလွတ်လပ်ရေး ရပြီးချိန်ကတည်းက လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများပျက်ယွင်းပြီး ပြည်နယ်အတွင်း နေထိုင်သည့် ပြည်သူများ ထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများရှိကြောင်း၊ ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာသင်ကြားနိုင်မည်၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးနေသည့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် ဆောင်ရွက်နေမှုများကို ပြည်နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေမှုများကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား တပ်မတော်အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မကြာမီ ကာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လုံခြုံရေးပိုင်းဆိုင်ရာအရ အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် မဲမသမာမှုများ လုပ်ဆောင်၍ မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မဲမသမာမှုမဖြစ်စေရေးနှင့် ဆန္ဒမဲများပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လူကိုအခြေခံသည့် ဖက်ဒရယ်စနစ်မဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးရန်လိုကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အနေဖြင့် မိမိတို့နိုင်ငံ၏ နည်းလမ်းတကျဖြစ်သည့် နိုင်ငံရေးစနစ်ဖြစ်စေရေး ရွေးကောက်ပွဲသည် အခြေခံဖြစ်သဖြင့် ရွေးကောက်ပွဲ အောင်မြင်စေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း။
ဆန္ဒမဲပေးရာတွင်လည်း ဒေသအကျိုးကို အမှန်တကယ်ဖော် ဆောင်ပေးနိုင်သူ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံတော်မှတရားဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်း၍ နိုင်ငံတော်၏ အကျိုးကိုဆောင်ရွက်နိုင်သည့် စိတ်ရှိသူ၊ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သည့် သူများကို ရွေးချယ်နိုင်ရန်လိုကြောင်း။
စိုက်ပျိုးရေး
စိုက်ပျိုးရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်းမြင့်ကော်ဖီများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသကဲ့သို့ မြေနိမ့်ကော်ဖီဖြစ်သည့် (ရိုဘက်စတာမျိုး)များ စိုက်ပျိုးဖြစ်ထွန်းသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ကော်ဖီများသည် ပြည်ပဈေးကွက်ဝင် ထုတ်ကုန်များဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မြေနိမ့်ကော်ဖီများအား စိုက်ပျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသဝင်ငွေကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ သရက်၊ ရော်ဘာ၊ ဒူးရင်း၊ ကွမ်း စသည့် စိုက်ပျိုးရေးခြံများ၌ မြေနိမ့်ကော်ဖီများကို သီးညှပ်အဖြစ် စိုက်ပျိုးသွားမည်ဆိုပါက ဒေသအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ကရင်ပြည်နယ်အတွင်း ဝါးများ ပေါများစွာထွက်ရှိသဖြင့် ဝါးကိုအခြေခံသည့် လက်မှုပစ္စည်းများ၊ ပျော့ဖတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ ထိုသို့ ဝါးပျော့ဖတ်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပမှစက္ကူများ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရော်ဘာစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံမှထွက်ရှိသည့် ရော်ဘာများကို တရားမဝင်လမ်းကြောင်းများမှ ပြည်ပသို့တင်ပို့လျက်ရှိသဖြင့် နိုင်ငံတော်အနေဖြင့် ထိခိုက်မှုများရှိကြောင်း၊ ရော်ဘာများ ထုတ်လုပ်ရာတွင်လည်း အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရန်လိုပြီး ပြည်နယ်အတွင်း၌ ရော်ဘာကိုအခြေခံသည့် စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများကို ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း။
ငရုတ်ကောင်းစိုက်ပျိုးရေးနှင့် ပတ်သက်၍ ဥယျာဉ်ခြံမြေများ၌ သီးညှပ်အဖြစ် စိုက်ပျိုးသွားမည် ဆိုပါက ဒေသဝင်ငွေကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ဝင်ငွေများ တိုးတက်လာခြင်းဖြင့် ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး ဒေသတွင်းစီးပွားရေးများ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမှန်တကယ် အလုပ်လုပ်ကြရန်လိုကြောင်း၊ ထိုသို့အလုပ်လုပ်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာရေးအားပေးကြရန် မဖြစ်မနေလိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)မှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
လူငယ်စင်တာ
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ် လူငယ်စင်တာသို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးက စင်တာတည်ဆောက်မှဆိုင်ရာများ၊ သင်တန်းများဖွင့်လှစ်ခဲ့မှုနှင့် နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ပို့ချပေးခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက စင်တာအား အကျိုးရှိရှိအသုံးချသွားရန်လိုပြီး ကရင်ပြည်နယ် အတွက်တိုက်ရိုက် အကျိုးဖြစ်စေနိုင်မည့် သင်တန်းများ၊ လုပ်ငန်းခွင်တွင် တိုက်ရိုက်အသုံးချနိုင်မည့် အတတ်ပညာ သင်ကြားပေးခြင်းများ ဖြစ်ရန်လိုကြောင်း၊ လူငယ်များသည် နောင်အနာဂတ်တွင် လူကြီးများ၏ တာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြမည့် သူများဖြစ်သဖြင့် သိသင့်သိထိုက်သည့်၊ တတ်သင့်တတ်ထိုက်သည့် အသိပညာ၊ အတတ်ပညာများ၊ နိုင်ငံ့အရေးများ၊ ခေါင်းဆောင်မှု ပညာရပ်များကိုလည်း အခြေခံအားဖြင့် သင်ကြားပေးရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာတတ်ပြီး အသိအမြင်ကောင်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လူငယ်စင်တာအတွင်း လူငယ်များ Indoor Game များ လေ့ကျင့်နေမှု၊ လူငယ်စကားဝိုင်း ပြုလုပ်နေမှု၊ အိမ်တွင်းမှုလုပ်ငန်းများ သင်ကြားဆောင်ရွက်နေမှု၊ ဂီတခန်းအတွင်း ဂီတပညာများ သင်ကြားပေးနေမှု၊ ပန်းချီသင်တန်း သင်ကြားပို့ချပေးနေမှု၊ ကွန်ပျူတာနည်းပညာများ သင်ကြားပြသပေးနေမှု၊ စာကြည့်တိုက်အတွင်း လူငယ်များစာပေ ဖတ်ရှုလေ့လာနေမှုများနှင့် အိပ်ခန်းများနှင့် စားသောက်ခန်းတို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘားအံတက္ကသိုလ်ဝင်းအတွင်းနှင့် ဘားအံမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက အားကစားရုံအား ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ အခန်းများ ထည့်သွင်းဖွဲ့စည်း တည်ဆောက်ထားမှုအခြေအနေများ၊ ကျင်းပပြုလုပ်နိုင်သည့် အားကစားနည်းများနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အားကစားရုံအား တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများ ကိုက်ညီမှုရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌသည် ဇွဲကပင်မိုးလုံလေလုံ အားကစားရုံ တည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


