မြစ်ကြီးနား နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ်ဆန်စပါးနှင့် ကောက်ပဲသီးနှံရိတ်သိမ်းပြီးချိန်တွင် ကျင်းပသည့် ရိုးရာကောက်သစ်စား (အင်လုံ အင်နန်ရှား)ပွဲတော်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းချုပ်တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး မနောကွင်းအတွင်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ဝမ်ပေါင်ဘင်ခရာအဖွဲ့၊ ရိုးရာဧည့်ကြိုအကအဖွဲ့နှင့် ဘင်ခရာပန်းဖွားအဖွဲ့တို့က ကြိုဆိုကြသည်။
ထို့နောက် ရိုးရာကောက်သစ်စားပွဲတော်မုခ်ဦး၌ ကက်သလစ်အသင်းတော်ဖာသာ ဒေါက်တာယုံဝါက အမွှေးနံ့သာရည်ပက်ဖျန်း၍ ကောင်းချီးတောင်းခံဆုတောင်းပေးပြီး ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းချုပ်ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘာသာရေးအသင်းအဖွဲ့များမှ သိက္ခာတော်ရဆရာတော်များ၊ တိုင်းရင်းသားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ရိုးရာကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲအခမ်းအနားကို ခန်းမ၌ ဆက်လက်ကျင်းပရာ ဝမ်ပေါင်ဘင်ခရာအဖွဲ့ ဦးဆောင်၍ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကောက်ဦးပလိုင်းများကို သယ်ဆောင်နေရာချထားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကောက်သစ်စားပွဲတော်၏ အနှစ်သာရဖြစ်သည့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဘိုးဘေးများ၏ ရိုးရာဓလေ့ကို တန်ဖိုးထားထိန်းသိမ်းခြင်းနှင့် ဆန်ရေစပါးပေါကြွယ်ဝခြင်းကို ဖော်ဆောင်ပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညတ်ခြင်းကို ထုတ်ဖော်ပြသခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက်သာမက ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုတို့ ယခုထက် ပိုမိုတိုးတက်မြင့်မားလာပါစေကြောင်း ပြောကြားသည်။
ထို့နောက် ဘာသာရေးအသင်းအဖွဲ့များမှ ဖာသာများ၊ သိက္ခာတော်ရဆရာများက ဦးဆောင်၍ အဖွင့်ကျမ်းစာဖတ်ကြားခြင်း၊ ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းသီဆိုခြင်းနှင့် တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ ကောက်ပဲသီးနှံတေးကဗျာရွတ်ဆိုခြင်း၊ ဓမ္မဒေသနာတော် ဟောပြောခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကောက်ဦးပလိုင်းလက်ဆောင်များကို အခမ်းအနား တက်ရောက်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုအကြံပေးအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များထံ ပေးအပ်သည်။
ဆက်လက်၍ အစားအသောက်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဓမ္မတေးသီချင်းသီဆိုခြင်းနှင့် ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးပြီး အခမ်းအနားကိုရုပ်သိမ်းကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားမျိုးနွယ်စု စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဒေသခံတောင်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်များနှင့်အတူ တစ်နှစ်တာအတွင်း အဦးအဖျားရရှိသော ကောက်သစ်(ဆန်)ဖြင့် ချက်ပြုတ်ထားသော နေ့လယ်စာကို အတူတကွ ရင်းနှီးနွေးထွေးစွာ သုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် မြစ်ကြီးနားမြို့ အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ရာ သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် သင်တန်းကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကချင်ပြည်နယ် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ၍ နယ်စပ်ဒေသရှိ ဝေးလံခေါင်ဖျားသောဒေသများမှ တိုင်းရင်းသားကျောင်းသား ကျောင်းသူများကို စုစည်း၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားခွင့် ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်းကျောင်းများမှ အခြေခံပညာတတ်မြောက်ပြီးပါက အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးကို နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလို ကျောင်းသားအရွယ်ကတည်းက တိုင်းရင်းသားတိုင်းကို ချစ်ခင်လေးစားတတ်ရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်မွေးရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဝင်းအတွင်းရှိ ကျောင်းသားကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရာသီသီးနှံများစိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ အမှတ်(၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းအိပ်ဆောင်များနှင့် စားရိပ်သာတို့ကိုလည်းကောင်း၊ ဧရာရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာ လိုင်းခန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေစက်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ရုံးအတွင်းရှိ ဌာနေတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုပြသထားသော ပြခန်းကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်တာဝန်ခံက ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဦးစီးဌာနအလိုက် အရာထမ်း/ အမှုထမ်း ဝန်ထမ်းများက မိတ်ဆက်တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်အောင် ကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှုပျက်ပြားစေနိုင်သော အချက်များကို ဖော်ထုတ်ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


