နေပြည်တော် နိုဝင်ဘာ ၁၅
စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက် အထိ ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ (၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
ထိပ်သီးအစည်းအဝေးတွင် စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရုံး ဝန်ကြီး Ms. Indranee Rajah က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ASEANSAI ကော်မတီအသီးသီး၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည်လုပ်ငန်း တိုးတက်မှုအစီရင်ခံစာ၊ ၂၀၂၆-၂၀၂၉ ခုနှစ် မဟာဗျူဟာစီမံချက်၊ ပြင်ဆင်ထားသော ASEANSAI စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ASEANSAI သင်တန်းပို့ချရေး မူဘောင်၊ ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် ASEANSAI ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အတည်ပြုခန့်အပ်ခြင်း၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များအတွက် ASEANSAI ၏ ဘဏ္ဍာရေးရှင်းတမ်းများ စစ်ဆေးမည့်စာရင်းစစ်အဖြစ် မြန်မာနိုင်ငံ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား အတည်ပြုခန့်အပ်ခြင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ် အတွက် ကော်မတီ (၃) ရပ်တို့၏ ဥက္ကဋ္ဌများ အတည်ပြုခန့်အပ်ခြင်း၊ ASEANSAI ကော်မတီများနှင့် အတွင်းရေးမှူးချုပ်တို့၏ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်း စီမံချက်များ၊ ၂၀၂၆-၂၀၂၇ ခုနှစ် ASEANSAI လုပ်ငန်းများအတွက် အဆိုပြုဘတ်ဂျက်များ အတည်ပြုခြင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာအပေါ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)၏ စာရင်းစစ်အဖြစ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား ခန့်အပ်မှုအတွက် ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ရုံးအနေဖြင့် ASEANSAI ၏ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခဲ့သည့် အတွေ့အကြုံရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့်စံများနှင့်အညီ စစ်ဆေးသွားမည် ဖြစ်ပါကြောင်း၊ ခန့်အပ်တာဝန်ပေးရန် ထောက်ခံပေးခဲ့သည့် အဖွဲ့ဝင်စာရင်းစစ်ချုပ်ရုံးများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားသည်။
အဆိုပါထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စာရင်းစစ်ချုပ်များ၊ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့မှ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအာဆီယံနိုင်ငံများ၏ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


