နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ တတိယအကြိမ် မြန်မာ- ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့၌ ရောက်ရှိနေသော ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ်သုံးစင်းတို့သည် ပင်လယ်ပြင်၌ လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ လေ့ကျင့်ခန်းဧရိယာသို့ ထွက်ခွာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ လာရောက်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်နှစ်ရပ်အကြား အပြန်အလှန်ဆက်ဆံမှု ကိစ္စရပ်များ၊ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ရေကြောင်းလုံခြုံရေး သတင်းအချက်အလက်ဖလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြပြီး ဆွေးနွေးပွဲအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့ပြင် တတိယအကြိမ် မြန်မာ -ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ် သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်(ရေ)မှ စစ်ဦးစီး အရာရှိချုပ်(ရေ)နှင့် အရာရှိ၊ စစ်သည်များ၊ ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ်နှင့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး၊ လေ့လာသူများအဖြစ် ဖိတ်ကြားထားသည့် တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာစစ်သံမှူးများ တက်ရောက်ကြပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ စစ်ရေယာဉ်များ ရန်ကုန်မြို့၌ ရောက်ရှိနေစဉ်အတွင်း ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဘတ်စကတ်ဘောပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း၊ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်ခြင်း၊ ဗိုလ်ချုပ်ဈေးနှင့် Junction City သို့ သွားရောက်လည်ပတ်ခြင်း၊ နှစ်နိုင်ငံ စစ်ရေယာဉ်များသို့ အပြန်အလှန်လေ့လာခြင်း၊ ရုရှားရေတပ်၏ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ပေါ်တွင် ဂုဏ်ပြုညစာစားပွဲ ကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။
၎င်းနောက် နိုဝင်ဘာ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ရုရှားရေတပ် မှစစ်ရေယာဉ်များသည် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များနှင့်အတူ ပင်လယ်ပြင်၌ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင် စစ်ရေယာဉ်(မုတ္တမ) ပေါ်၌ လေ့ကျင့်ခန်းပြန်လည် သုံးသပ်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကျင်းပပြီး ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
သတင်းစဉ်


