ရန်ကုန် နိုဝင်ဘာ ၁၅

 

ONE Championship အဖွဲ့အစည်းသည် ကစားသမားဘဝမှ အနားယူသွားသည့် မြန်မာဖိုက်တာ အောင်လအန်ဆန်ကို Hall of Fame အစီအစဉ်တွင် ထည့်သွင်းဂုဏ်ပြုမည်ဖြစ်ပြီး ယင်းဆုကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၌ကျင်းပမည့် ONE-173 ပြိုင်ပွဲတွင် ချီးမြှင့်သွားမည် ဖြစ်သည်။

 

အောင်လအန်ဆန်သည် ကစားသမားဘဝမှ အနားယူသွားပြီဖြစ်ပြီး ONE Championship အဖွဲ့အစည်း၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည့်အပြင် ကစားသမားဘဝဖြတ်သန်းမှု၊ ဂန္ထဝင်အဖြစ် စံပြုထိုက်သူများကိုသာ ရွေးချယ်ခြင်းဖြစ်သည်။ ONE Championshipအဖွဲ့အစည်းသည် Hall of Fame အစီအစဉ်တွင် ကစားသမားအနည်းငယ်သာ ထည့်သွင်းဂုဏ်ပြုဖူးပြီး အောင်လအန်ဆန်သည် တတိယမြောက်ဂုဏ်ပြုခံရသူ ဖြစ်လာသည်။ အောင်လအန်ဆန်မတိုင်မီက အမေရိကန်ဖိုက်တာ ဂျွန်ဆင်နှင့် ဘရာဇီးဖိုက်တာ ဘီဘီယာနို နှစ်ဦးသာ ထည့်သွင်းဂုဏ်ပြုဖူးခြင်းဖြစ်သည်။

 

အောင်လအန်ဆန်သည် ၂၀၀၅ ခုနှစ်တွင် MMA လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ONE Championship အဖွဲ့အစည်းနှင့် ၂၀၁၄ ခုနှစ်တွင် စတင်လက်တွဲခဲ့သည်။ အောင်လအန်ဆန်သည် ကစားသမားဘဝ စုစုပေါင်း ၄၇ ပွဲထိုးသတ်ခဲ့ရာ ၃၁ ပွဲနိုင်၊ ၁၅ ပွဲရှုံးနိမ့်ခဲ့ပြီး တစ်ပွဲကိုမူ အရှုံးအနိုင် သတ်မှတ်ခဲ့ခြင်းမရှိပေ။ အောင်လအန်ဆန်သည် ONE နှင့် လက်တွဲပြီးနောက် ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့ကာ World MMA Awards ဆုအဖြစ် ၂၀၁၈ ခုနှစ်အတွက် International Fighter of the Year ဆုရယူနိုင်ခဲ့သည်။ ONE Championship အဖွဲ့အစည်း၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သောကြောင့် ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် Hall Of Fame အစီအစဉ်တွင် ထည့်သွင်းဂုဏ်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

အောင်လအန်ဆန်သည် ကစားသမားဘဝနောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၄ ရက်က ဆွီဒင်နိုင်ငံသား ကိတ်စတမ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီတွင် အလဲထိုးအနိုင်ရခဲ့ပြီး ကစားသမားဘဝနောက်ဆုံးပွဲကို အနိုင်ဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

 

သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ONE