နိုဝင်ဘာ ၁၆
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းဂျာဗားပြည်နယ် စီလာကပ်ဒေသရှိ စီဘီနီကျေးရွာတွင် မြေပြိုမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေး တတိယမြောက်နေ့ဖြစ်သော ယမန်နေ့က အလောင်း ရှစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၁ ဦးရှိလာပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးအကြီးအကဲက သေဆုံးသူများကို လုပ်ငန်းနေရာအများအပြားမှ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ခေတ္တရပ်နားထားရကြောင်း သိရသည်။ တပ်ဖွဲ့ဝင်များ၏ ဘေးကင်းရေးကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် ယနေ့ နံနက်အစောပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်း ပြန်လည်စတင်မည်ဟု ၎င်းကဆိုသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယင်းဒေသရှိ စီဘူရွတ်နှင့် စီဘီနီကျေးရွာတို့တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


