နိုဝင်ဘာ ၁၆
သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၁၀လအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆ ဘီလီယံခန့် ရရှိခဲ့ကြောင်း သီရိလင်္ကာဗဟိုဘဏ် (CBSL) က ၎င်း၏နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် ခရီးသွားလုပ်ငန်းမှ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၈၆ ဒသမ ၁ သန်းရရှိခဲ့ကြောင်း ထိုဘဏ်က ပြောကြားသည်။
ဇန်နဝါရီမှ အောက်တိုဘာလအတွင်း ခရီးသွားလုပ်ငန်းမှ စုစုပေါင်းဝင်ငွေသည် ၂၀၂၄ ခုနှစ် အလားတူကာလက ခရီးသွားလုပ်ငန်း ဝင်ငွေရရှိမှုထက် ၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ယင်းဘဏ်ကဆိုသည်။
သီရိလင်္ကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (SLTDA) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ခရီးသွား ၁၉၇၂၉၅၇ ဦး လာရောက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၄၄၃၆၂၂ ဦးဖြင့် အများဆုံးလာရောက်ပြီး ဗြိတိန်နိုင်ငံမှ ၁၈၀၅၉၂ ဦး၊ ရုရှားနိုင်ငံမှ ၁၄၄၃၀၈ ဦး၊ ဂျာမနီနိုင်ငံမှ ၁၂၃၀၅၃ ဦးနှင့် တရုတ်နိုင်ငံမှ ခရီးသွားလာရောက်သူဦးရေ ၁၁၅၄၀၀ ရှိသည်ဟု ထိုအဖွဲ့က ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


