အုတ်တွင်း နိုဝင်ဘာ ၁၆

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဆောင်းပါးရှင် စောထိုက်လွင် ရေးသားသည့် “အလုပ်ခွဲခြား လုပ်ကိုင်ခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

 

ရှင်းလင်းဆွေးနွေး

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ချို (စာရေးဆရာ ခင်မောင်ချို- ကညွတ်ကွင်း)က စာပေဗဟုသုတများအကြောင်း ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် တက်ရောက်လာသော စာပေဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများက အပြန်အလှန်ဆွေးနွေးကြသည်။

 

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား ကျောင်းသူများအား အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)