ရန်ကုန်   နို၀င်ဘာ   ၁၆

မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်နှင့် Bond Exclusive Clubတို့ ပူးပေါင်း၍ MYANMAR NATIONAL BADMINTON CHAMPIONSHIP 2025 ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အနော်ရထာလမ်း အမျိုးသားကြက်တောင် အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲများတွင် အသက် ၉ နှစ်၊ ၁၁ နှစ်၊ ၁၃ နှစ်၊ ၁၅ နှစ်၊ ၁၇ နှစ်၊ ၁၉ နှစ်နှင့်အောက် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ အမျိုးသား၊ အမျိုးသမီးသာမန်တန်း၊ တစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ သက်လတ်တန်း နှစ်ယောက်ပေါင်း ၉၀ နှစ်၊ သက်ကြီးတန်း   နှစ်ယောက်ပေါင်း ၁၀၀ နှစ်၊ သက်ကြီးတန်းနှစ်ယောက်  ပေါင်း ၁၁၀ နှစ်၊  လူသစ်တန်း နှစ်ယောက်ပေါင်း ၁၂၀ နှစ်၊  လူသစ်တန်း၊ ဝါသနာရှင်တန်း အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အကြီးတန်းတစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ အမျိုးသား+အမျိုးသမီးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အမှု‌ဆောင်များက ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်သည်။

ယင်းပြိုင်ပွဲတွင် မျိုးဆက်သစ်ကစားသမားများ၊ လက်ရွေးစင်ကစားသမားများ၊ ဆီးဂိမ်းပြိုင်ပွဲဝင်ကစားသမားများ၊ ဂျူနီယာတန်းမှ ကစားသမားများ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ပွဲစဉ်ပေါင်း ၁၂၀၀‌ ကျော် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်မှ ကလပ်‌ပေါင်း ၄၀ ကျော်၊ ကစားသမား ၇၀၀ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။                         

ဗလ