ဂျေရုဆလင် နိုဝင်ဘာ ၁၆
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ကြား ဂါဇာဒေသအခြေအနေနှင့်ပတ်သက်၍ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြောင်း ကရင်မလင် သတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသအခြေအနေများအပါအဝင် ဂါဇာဒေသအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မှုအခြေအနေ၊ အီရန်နျူကလီးယားအရေး၊ ဆီးရီးယားအရေးနှင့် ထိန်းသိမ်းထားသည့် အကျဉ်းသားများ လဲလှယ်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိရေးအတွက် အီဂျစ်၊ အမေရိကန်၊ တူကီယဲနှင့် ကာတာနိုင်ငံများမှ ကိုယ်စားလှယ်များ သည် ယခုနှစ် အောက်တိုဘာ ၆ ရက်တွင် ညှိနှိုင်းဆွေးနွေးခဲ့ရာ အောက်တိုဘာ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သည်။
ရုရှားနိုင်ငံသည် ဂါဇာအရေး ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာ ၁၃ ရက်တွင် ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပြီး အမေရိကန်သမ္မတထရမ့်၏ ဂါဇာဒေသ ငြိမ်းချမ်းရေးအစီအစဉ်ကိုထောက်ခံရန် အမေရိကန်က ကုလသမဂ္ဂအား တွန်းအားပေးမှုအပေါ် တုံ့ပြန်ခဲ့သည်။
ရုရှားနိုင်ငံက တင်သွင်းသည့် အဆိုပြုချက်တွင် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့အား ကုလသမဂ္ဂအုပ်ချုပ်မှုအောက်တွင်ထားရှိရေး၊ ဂါဇာဒေသအတွင်း နယ်မြေပြောင်းလဲ သတ်မှတ်မှု ဆန့်ကျင်ရေးနှင့် နှစ်နိုင်ငံဆုံးဖြတ်ချက်ကို ဆောင်ရွက်ရေးသတ်မှတ်ထားသည်။
အမေရိကန်ကတင်သွင်းသည့် အဆိုပြုချက်တွင် ကုလသမဂ္ဂ၏ ထိန်းချုပ်မှုမှ ကင်းလွတ်သည့် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ကို ဖွဲ့စည်းရေးနှင့် ဂါဇာဒေသ၏လုံခြုံရေးကို အချိန်ကာလသတ်မှတ်ချက်ထားရှိခြင်းမရှိဘဲ အစ္စရေးက တာဝန်ယူရေး အဆိုပြုခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


