ရန်ကုန် နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့၌ စံပြ(ဂ)ရပ်ကွက် ဥက္ကာလမ်းမိသားစု၏ (၄၉)ကြိမ်မြောက် ရွှေရတုအကြို အသက် ၇၃ နှစ်အထက် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး သက်ကြီးပူဇော်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းကြည်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ (၄၉)ကြိမ်မြောက် ရွှေရတုအကြို သက်ကြီးပူဇော်ပွဲ ကျင်းပရေး ကော်မတီအတွင်းရေးမှူး ဦးသန်းဦးက ငွေစာရင်းရှင်းတမ်းကိုဖတ်ကြားပြီး (၄၉)ကြိမ်မြောက် ကျင်းပရေး ဦးစီးကော်မတီက လှူဒါန်းသော အလှူငွေများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသော ငွေပဒေသာပင်များကို မဲဖောက်လှူဒါန်းရာ ကော်မတီဝင်အသီးသီးက ပေးအပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် (၄၉)ကြိမ်မြောက် ရွှေရတုအကြို သက်ကြီးပူဇော်ပွဲတွင် ဥက္ကာ(၅) လမ်းနေ အသက်အကြီးဆုံး အဘွား ဒေါ်ကြည်လေး အသက် ၁၁၀ နှစ်အား သီးသန့်လှူဒါန်းငွေ ၁၁ သိန်းကျပ်ကို အလှူရှင်များက ထပ်မံလှူဒါန်းပေးအပ်ခဲ့ကြသည်။
ထိုသို့ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရာတွင် ဥက္ကာလမ်းမိသားစု၏ အသက် ၇၃ နှစ်အထက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ကော်မတီက လှူဒါန်းငွေကျပ် ၅၅၀၀၀ စုစုပေါင်း အဘိုး အဘွား ၁၉၃ ဦးအတွက် လှူဒါန်းငွေကျပ် ၁၀၆၁၅၀၀၀ နှင့် ငွေပဒေ သာပင်တန်ဖိုးငွေကျပ် ၅၅၇၀၀၀၀ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆၁၈၅၀၀၀ ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


