ကျိုတို နိုဝင်ဘာ ၁၆
ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် ဧကရီ မာဆာကိုတို့၏သမီးတော် မင်းသမီး အအိကိုက ၎င်း၏ ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်မည်ဖြစ်သည်။
မင်းသမီး အအိကိုက လာအိုနိုင်ငံသို့ ခြောက်ရက်ကြာ အလည်အပတ်ခရီးစတင်ရန် တိုကျိုမြို့ ဟာနီဒါလေဆိပ်မှ နိုဝင်ဘာ ၁၇ ရက်တွင် ထွက်ခွာမည်ဖြစ်သည်။
ဂျပန်နှင့် လာအိုနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်သည် ယခုနှစ်တွင် ကျရောက်မည်ဖြစ်သည်။
မင်းသမီး အအိကိုက နိုဝင်ဘာ ၁၈ ရက်တွင် မြို့တော် ဗီယင်ကျန်း၌ သမ္မတ သောင်လွန်းဆီဆိုလစ်အား တွေ့ဆုံမည်ဖြစ်သည်။ ထို့ပြင် လာအိုဒုတိယသမ္မတ Pany Yathotou က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်သည်။ မင်းသမီး အအိကိုက လာအို-ဂျပန် ဘူဒိုစင်တာသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။
ဗီယက်နမ်စစ်ပွဲမှ မပေါက်ကွဲသေးသော လက်နက်များအကြောင်း ပြသထားသည့် ပြတိုက်ကိုလည်း သွားရောက်ကြည့်ရှုမည်ဖြစ်သည်။
မင်းသမီးသည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းဝင်သည့် လာအိုနိုင်ငံ မြောက်ပိုင်းရှိ ရှေးဟောင်းမြို့တော် လွမ်ပရာဘန်းသို့လည်း သွားရောက်ရန် စီစဉ်ထားသည်။ ဂျပန်အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခုမှ တည်ထောင်ထားသော ဘုရားကျောင်းများနှင့် ကလေးဆေးရုံများသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။
မင်းသမီး အအိကိုက နိုဝင်ဘာ ၂၂ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်လာရန် စီစဉ်ထားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


