နိုဝင်ဘာ ၁၆ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ariake Arena အားကစားကွင်း၌ ကျင်းပခဲ့သော ONE 173 ပြိုင်ပွဲသည် တိုက်ခိုက်ရေး အားကစားလောက၏ အာရုံစိုက်မှုကို အပြည့်အဝရရှိခဲ့သည့် ပြိုင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ထိုင်းနိုင်ငံမှ နာမည်ကြီး တိုက်ခိုက်ရေးသမား စူပါဘွန်းနှင့် ဂျပန်နိုင်ငံမှ ထိပ်တန်းတိုက်ခိုက်ရေးသမား နိုအိုရီတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
အဆိုပါ ပွဲစဉ်မှာ ဖဲသာဝိတ် ကစ်ဘောက်ဆင်ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။ စူပါဘွန်းသည် အားသာသည့် ကန်ချက်များ၊ လက်သီးထိုးချက်များကို အသုံးပြုကာ ပြိုင်ဘက်နိုအိုရီကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ အိမ်ရှင်ပရိသတ်များ၏ အားပေးမှုအပြည့်အဝရရှိထားသော နိုအီရီက ဒူးနှင့် လက်သီးထိုးချက်များဖြင့် ခုခံတိုက်ခိုက်ခဲ့သော်လည်း စူပါဘွန်း၏ အတွေ့အကြုံနှင့် နည်းစနစ်ကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိပေ။
ငါးချီကြာ အပြန်အလှန် ယှဉ်ပြိုင်ထိုးသတ်မှု အပြီးတွင် စူပါဘွန်းက ဒိုင်များ၏ တညီတညွတ်တည်း အမှတ်ပေးဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့သည့် အတွက် ဖဲသာဝိတ်ကစ်ဘောက်ဆင် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။
ဖလိုင်းဝိတ် MMA ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဂျပန်တိုက်ခိုက်ရေးသမား ယူယာ ဝါကာ မာဆုက ဖိလစ်ပိုင်တိုက်ခိုက်ရေးသမား ဂျိုရှူအာ ပါချီအိုကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် နိုင်ပွဲရရှိခဲ့ပြီး ခါးပတ်ရယူနိုင်ခဲ့သည်။ ထို့အပြင် အက်တမ်ဝိတ် မွေထိုင်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဂျပန်တိုက်ခိုက်ရေးသမား နာဒါ ကာက ထိုင်းတိုက်ခိုက်ရေးသမား နမ်ဆူရင် ချော်ခက်ဝီနာကို ဒိုင်များ၏ တညီတညွတ်တည်း အမှတ်ပေးဆုံးဖြတ်ချက်ဖြင့် နိုင်ပွဲရရှိခဲ့ပြီး ခါးပတ်ရရှိခဲ့သည်။
အခြား ပွဲစဉ်များတွင် ဖလိုင်းဝိတ်ကစ်ဘောက်ဆင် ပြိုင်ပွဲအဖြစ် ဂျပန်တိုက်ခိုက်ရေးသမား တာကေးရုနှင့် ဘော့စနီးယား/ကနေဒါ တိုက်ခိုက်ရေးသမား ပူးရစ်ပွဲစဉ် တွင် တာကေးရုက ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဘန်တမ်ဝိတ် ကစ်ဘောက်ဆင်ပြိုင်ပွဲအဖြစ် ထိုင်း နာမည်ကြီး တိုက်ခိုက်ရေးသမား စူပါလက်နှင့် ဂျပန်ထိပ်တန်း တိုက်ခိုက်ရေးသမား ယိုဇာပွဲစဉ်တွင် ယိုဇာက ဒိုင်များ၏ တညီတညွတ်တည်း အမှတ်ပေးဆုံးဖြတ်ချက်ဖြင့် နိုင်ပွဲရရှိခဲ့သည်။
အမ်တမ်ဝိတ် အမျိုးသမီး ကစ်ဘောက်ဆင်ပြိုင်ပွဲအဖြစ် ထိုင်းတိုက်ခိုက်ရေးသမား စတမ်ဖဲတက်နှင့် ဂျပန်တိုက်ခိုက်ရေးသမား ကာနာတို့ပွဲစဉ်တွင် ကာနာက ဒိုင်များ၏ တညီတညွတ်တည်း အမှတ်ပေးဆုံးဖြတ်ချက်ဖြင့် နိုင်ပွဲရရှိခဲ့သည်။
မိုးဇက် - ရေးသားသည်


