ပင်လုံ နိုဝင်ဘာ ၁၇
နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၀၃ ဒသမ ၃၁၃ သန်းဖြင့် ဆောင်ရွက်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ (လွိုင်လင်-ပင်လုံ - လဲချားလမ်းမကြီးမှ ဝမ်အင်-ဝမ်လုံကျေးရွာ) မေတ္တာအေးရိပ်ဘုန်းတော်ကြီးသင် ပရဟိတကျောင်းသို့ ဆက်သွယ်ထားသောလမ်း(၁/၀မိုင်) ကွန်ကရစ်လမ်း ၀/၄ မိုင် (အပိုင်း-၁) အောက်ခံကျောက်မပါ လမ်းသစ်ဖွင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက အဆိုပါလမ်းသစ်မုခ်ဦး၌ ကျင်းပသည်။
အဆိုပါ လမ်းသစ်ဖွင့်ပွဲကို မေတ္တာအေးရိပ် ပရဟိတကျောင်းတိုက်နာယက လားရှိုးမြို့ မန်ဆူဆရာတော် ဘဒ္ဒန္တ ဒေါက်တာပုညနန္ဒ၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းကြသည်။
ဆက်လက်၍ ဆရာတော်ဦးဆောင်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ပင်လုံမြို့ ရပ်ကွက်(၃)နှင့် ပန်မုန့်ရွာသွားလမ်း တံတားသစ်ဖွင့်ပွဲသို့ ရောက်ရှိကာ တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပင်လုံမြို့ ပဒုမ္မာစာရီ သီလရှင်ကျောင်းတိုက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် စက်ရေတွင်း တူးဖော်ပြီးစီးမှုနှင့် တစ်နာရီ ရေထွက်ရှိမှုနှုန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းတိုက်အတွင်း ကိန်းဝပ်သည့် ဗုဒ္ဓရုပ်ပွားတော်နှင့် ဓာတ်တော် မွေတော်များကို ဖူးမြော်ပြီး သီလရှင်ကျောင်းတိုက်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


