ရန်ကုန်  နိုဝင်ဘာ   ၁၇

အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ကျွန်း၌ နိုဝင်ဘာ ၁၁ ရက် မှ  နိုဝင်ဘာ  ၁၇  ရက်အထိ   ကျင်းပသည့်   (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့   မြန်မာ့ကာယဗလနှင့်  ကာယကြံ့ခိုင်မှုအားကစားအဖွဲ့မှ အုပ်ချုပ်သူနည်းပြသုံးဦး နှင့် အားကစားသမားလေးဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု   ဆွတ်ခူးရရှိခဲ့ကာ   ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့သည်။

အဆိုပါ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်း၊  တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ အားကစားနှင့်  ကာယပညာသိပ္ပံ(ရန်ကုန်)မှ   သင်တန်းသား သင်တန်းသူများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ကို   ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

(၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် Men’s Bodybuilding 75kg တွင်  ရဲထွန်းနောင်က  ပထမရွှေတံဆိပ်ဆု၊ Men’s Bodybuilding 80kg တွင် ချမ်းမြေ့ထွန်းက ဒုတိယငွေတံဆိပ်ဆု၊ Women’s Swimsuit Model Physique over 165 cm တွင် ဇူးဇူးသန့်က ဒုတိယ ငွေတံဆိပ်ဆု၊ Women’s Model Physique up to 160 cm တွင် နီနီအောင်က တတိယကြေးတံဆိပ်ဆုနှင့် Women’s Model Physique up to 170 cm တွင် ဇူးဇူးသန့်က တတိယကြေးတံဆိပ်ဆု စုစုပေါင်း ဆုတံဆိပ်ငါးခု ဆွတ်ခူးရရှိခဲ့ကြခြင်းဖြစ်သည်။

အလားတူ   ယနေ့မွန်းလွဲပိုင်းတွင်  ၂၀၂၅ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား   စစ်တုရင်ပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနားကို  တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်  တာဝန်ရှိသူများ  တက်ရောက် ကြပြီး ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကြည့်ရှုအားပေးသည်။

ထို့နောက် လူငယ်စစ်တုရင်ပြိုင်ပွဲ၊ အသက်(၅၅)နှစ်အထက် စစ်တုရင်ပြိုင်ပွဲနှင့်  မျက်မမြင်စစ်တုရင် ပြိုင်ပွဲနှင့် တစ်ဦးချင်း စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။

ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သန်လျင်မြို့နယ်   မြန်မာနိုင်ငံ  ရေကြောင်းပညာတက္ကသိုလ်ရှေ့၌    ကျောင်းသား   ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး လူသွားစင်္ကြံ(ပလက်ဖောင်း) ဆောင်ရွက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက် ရာတွင် သစ်ပင်များထိခိုက်မှုမရှိစေရေး၊ ကျောင်းရှေ့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး  ဆောင်ရွက်ရန် မှာကြားသည်။

ဇွဲထက်ကို(ပြန်/ဆက်)