ဘားအံ     နိုဝင်ဘာ     ၁၇

 

လူတစ်ဦးချင်းစီ၏ အခြေခံအရည်အချင်းများကို ပြည့်မီစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ကိုမြှင့်တင်နိုင်စေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာကော်မတီက ကြီးမှူး ဖွင့်လှစ်သည့်  ရက်ကန်းပညာ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု  အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ၌ ကျင်းပသည်။

 

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က သင်တန်းသား သင်တန်းသူများအနေဖြင့် ဒစ်ဂျစ်တယ်ဗဟုသုတများ   တိုးတက်အောင်သင်ယူ၍ နေ့စဉ်ဘဝအတွက် စွမ်းဆောင်နိုင်ရည်ကို မြှင့်တင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများနှင့် ယုံကြည်မှုနှင့် အနာဂတ်သင်ယူမှုတို့အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် မိမိတို့ရရှိသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင် ကြိုးစားသင်ယူကြရန် တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကြူကြူလှိုင်က သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူငယ်စင်တာ   ကွန်ပျူတာခန်းမအတွင်း သင်တန်းနည်းပြများက သင်တန်းသား သင်တန်းသူများအား သင်ကြားပို့ချပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

ယနေ့ဖွင့်လှစ်သည့် သင်တန်းသို့ ရက်ကန်း သင်တန်းမှ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက် ကြပြီး ကွန်ပျူတာတက္ကသိုလ်မှ သင်တန်းနည်းပြ ဆရာမသုံးဦးက ရက်ကန်းပညာတွင် ကွန်ပျူတာ ကိုအသုံးချတတ်စေရန် Computer Hardware နှင့် Software ကို နားလည်ခြင်းမှစတင်၍    Word Processing အခြေခံ Application များကို အသုံးပြုခြင်းအထိ ရက်သတ္တနှစ်ပတ်ကြာ  သင်ကြားပို့ချပေး သွားမည်ဖြစ်သည်။   

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)