ရွှေကူနန်းနွဲ့နွဲ့(အမျိုးသားစာပေဆုရ)

ရာသီပန်းများ

ပန်းကံ့ကော် ရွှေစံကား

ငွေသားနု စံပယ်မှန်။ 

မြတ်လေး ခတ္တာနှင့်

ရွှေရင်းမာ၊ ကြာခဝဲ

ဖွဲစနှင်းလျှံ။

သဇင်ကျံ၊ ခွာတံပေါက်လဲ

ပွင့်ဝတ်ကယ် ရွှေဖီမင်း

သင်းထုံနံ့ကဲ။   ။  ကင်းဝန်မင်းကြီး 

ကင်းဝန်မင်းကြီး၏လက်ရာ ဤကဗျာလေးမှာ တိုတိုလေးနှင့် ခရီးရောက်သော ကဗျာလေးပင်။ မြန်မာ့ဆယ့်နှစ်လတွင် ပန်းဆယ့်နှစ်မျိုးမက ပွင့်ကြပါသည်။ ပန်းမပွင့်သောလဟူ၍မရှိပါ။ ကဗျာတွင်ဖော်ပြသောပန်းများမှာမူကား လ၏ထင်ရှားသောပန်းများ ဖြစ်ပါသည်။

ရှေးစာဆိုကြီးများသည် ရာသီဘွဲ့များကို တေးသီချင်း၊ ကဗျာလင်္ကာများဖွဲ့၍ ရေးသားထားခဲ့ကြရာ မဟာဂီတဝင်တေးသီချင်းအများ အပြားရှိနေပါသည်။ မဟာဂီတဝင်တေးသီချင်းများကို တူရိယာဖြင့် တွဲဖက်၍ သတ်မှတ်တေးသွား၊ စည်းဝါးများနှင့် (သောတာလင်္ကာရ) နားဆင်မငြီးစရာ သီဆိုတီးမှုတ်ကြရာ စာဆိုတော်လဖြစ်သော နတ်တော်လတွင်  ဦးဦးဖျားဖျားပွင့်လာကြသော  သဇင်ပန်းကို စာဆိုတော်ဦးကြော့က တေးထပ်အဖြစ် ရေးဖွဲ့ခဲ့သည်ကို စာရေးသူ နှစ်သက်လှသဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူး ထုတ်လွှင့်နေသော “ဆယ့်နှစ်လရာသီဘွဲ့ တေးကဗျာများ”တွင် နတ်တော်လဘွဲ့တေးတစ်ပုဒ်အဖြစ် ထုတ်လွှင့်ခဲ့ပါသည်။

နတ်တော်လ သဇင်ပန်းတေးထပ် 

မိဂသီ စန္ဒာခလို့ ဟံသာစ တာရိန်၊

ယန္တာဟ ဝဠာရှိန်ငယ်၊ ပြာမှိန်မှိန်ရစ်သန်း၊

နတ်နိုးလသင်းခြွေသည်

သွင်းတဲ့လေညင်း လေကဖြန်း။

တိုင်းကေတု မဟီသာဝယ်၊ ဝဇီရာကြငှန်း 

တညီလာရွှေနန်းမှာ၊ ဗွေမန်းကြော့ဥကင်။ 

ဆက်ပဏ္ဏာချီ မီလုတာမို့၊ သိင်္ဂီဥ ပန်းမြသဇင်။ ။

စိန်စီနု ကလပ်တင်သည်၊ နတ်ဘုရင်ဆင်ယင်တုန်းခါမို့၊

အင်ဂမုန်း ဂန္ဓာရုံ၊ သင်းပျံ့ဝတ်မှုန်၊

ဦးသျှောင်ပန်း၊ သန်းရွေလှုံသည်၊

နန်းရွှေဘုံ ထုံဆဲမို့လေး။     ။ (ဦးကြော့)

ရှေးစာဆိုကြီးများက ရာသီဘွဲ့ရေးဖွဲ့လျှင် လနှင့်ရာသီ၊ ရာသီနှင့် ပန်း၊ ကောင်းကင်နက္ခတ်များ၊ ပတ်ဝန်းကျင်မြင်ကွင်း၊ တောတောင်ရေမြေ၊ မြစ်ချောင်းအင်းအိုင်၊ ကျေးငှက်သာရကာ စသည်ဖြင့် စုံစေ့အောင် ရေးဖွဲ့ကြသည်ကြောင့် နှောင်းလူများ အသိဗဟုသုတ ရရှိစေပါသည်။

ယခုခေတ်လူများမှာမူကား မြန်မာပြက္ခဒိန်ကို မကြည့်တတ်၊ နားမလည်၊ အသုံးမပြုကြတော့ပါ။ လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်လည်းမသိကြတော့ပါ။ ဝမ်းနည်းဖွယ်ကောင်းပါသည်။ ကောင်းကင်မှလမင်းကြီး တဖြည်းဖြည်းကြီးလာပြီး တစ်ခုလုံးပြည့်သွားခြင်း၊ တဖြည်းဖြည်းပြန်၍ ဆုတ်ယုတ်ပါးလျားလာပြီး တစ်ခုလုံးကွယ်ပျောက်သွားခြင်းများကိုလည်း သတိမထားကြတော့။ အင်္ဂလိပ် လ၊ ရက်ကိုသာ အဓိကသိကြပြီး မြန်မာမှုများ တဖြည်းဖြည်း ကွယ်ပျောက်လာနေသည်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် ယဉ်ကျေးမှု အခြင်းအရာများ လုံးပါးပါးလာသည်ဟု ခံစားရပါသည်။ ကောင်းသည့် လက္ခဏာမဟုတ်ပါ။

ရှေးပညာရှိ စာဆိုတို့ထားခဲ့သော မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ သိအပ်ဖွယ်ရာများကို လက်ဆင့်ကမ်းလိုပါသည် - 

ဤဇယားကိုကြည့်၍ ယခုနတ်တော်လဆန်းအခါသမယသည် ဓနုရာသီ၊ မိဂသီနက္ခတ်ထွန်း၍ ရာသီပန်းမှာ နာမည်ကျော် တော်ဝင်သဇင်ပန်းပွင့်ပေါ်သောလရာသီဟု သိအပ်ပါသည်။

မဟာဂီတလောကမှ လူကြိုက်များသော မြဝတီမင်းကြီးလက်ရာ “သည်ဆောင်းဟေမန်”ဘွဲ့တွင် ရိုးတံဆင့်ဖူးငုံ၊ ဝတ်မှုန်၊ ဝတ်မှုန်၊ ဝတ်မှုန်တင့်ဆုံး၊ သဇင်၊ ပန်းမြဂမုန်း ငယ်နှင့်လေး” ဟူသောအပိုဒ်၌ “ဝတ်မှုန်”ကို သုံးကြိမ်ပြထားရာ တစ်ကြိမ်နှင့်တစ်ကြိမ် အသံမတူ၊ ကူးပြောင်းသီဆိုရသည်မှာ အလွန်လှပသော အဆိုအတီးကွက်ဆန်းဟု ဆိုချင်မိသည်။

ဦးတိုး၏ ရာမရကန်မှ သဇင်ပန်းအချီးတွင်လည်း “မြေနှင့် ရန်ဘက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး”ဟူသောအဖွဲ့မှာ သဘာဝစိမ့်ကြီးမြိုင်ကြီး သစ်ပင်ကြီးများပေါ်တွင်သာ တွယ်မှီပေါက်ရောက်သဖြင့် မြေကြီးနှင့်မနီးစပ်၊ ရန်ဘက်ကဲ့သို့ အထက်တန်းကျပုံကို ဖွဲ့ပြပါ သည်။ (မြို့ဝန်မင်းစာ၊ လိပ်မပါဘဲ၊ ကွယ်ရာဈေးပြင်၊ ရောင်းလို့များ မြင်မလား၊ သေချင်သေ ရှင်ချင်ရှင်၊ အင်မတန့် အင်မတန်၊ ရာဇဝတ်တော် ခံရသည်)ဟုဆိုထားရာ အမိန့်မရဘဲပန်လျှင် ရာဇဝတ်ပြစ်ဒဏ်ပင်သင့်နိုင်ကြောင်း ကျောက်ကန်၍ရေးဖွဲ့သော “ရကန်” အရေးအသား တွင် တွေ့ရပါသည်။

ထိုစာဆိုကြီးများလက်ရာကို  နှစ်သက်သဘောကျသကဲ့သို့ “အဲ” အရေးကောင်းသော ဦးယာက လူးတားများ ရေးသားရာတွင်လည်း ဤသို့၊ ဤသို့ ပြောင်မြောက်သည်ကို တွေ့ရပါသည်။

ဦးယာ၏ နတ်တော်လဘွဲ့လူးတားမှ

ကောက်နုတ်ချက်(သဇင်ပန်းအချီး)

(စုံမြိုင်တွင်းမှာ၊ ကြိုင်သင်းတောလုံး၊ ရနံ့ဖုံးသား၊ ပတ်ကုံး ဝန်းကျင်၊ မြေတွင်မရောက်၊ ပင်ပေါ်ပေါက်သည်၊ နှင်းပေါက်ရွှင်ရွှင်၊ ဖူးတံဆင်လျက်၊ သဇင်ရွှေပွင့်၊ လျှပ်ရောင်ဆင့်သို့၊ လှတင့်စိန်သွေး၊ နတ်ပန်းမွှေးကို၊ မနှေးလျင်မြန်၊ မိန့်တော်ပြန်၍ မျက်မှန်ကျောက်စုံ၊ ရွှေနန်းဘုံက၊ ဖူးငုံပေါ်စ၊ တင်ဆက်သ၍ နောက်မှပြည်သူ၊ ဆွတ်ယူ ပန်ဆင် ရှုချင်မဝ။)

ဦးယာ၏ ဤလူးတားပါ သဇင်ပန်းပန်ဆင်ခွင့် စည်းကမ်းများမှာ စကားပြေဖြင့်ရေးသကဲ့သို့ ရှင်းရှင်းလင်းလင်းသိခွင့်ရကြပါသည်။ 

သဇင်ပန်း၏ဂုဏ်ဒြပ်ကိုမီအောင် ရေးစပ်နိုင်ကြသော စာဆိုကြီးများကို လေးစားမိသည့်အလျောက်၊ တစ်ယောက်တစ်မျိုး ကြိုးစားရေးဖွဲ့ကြသည့် လက်ရာများမှာ လေ့လာ၍မကုန်နိုင်ပါ။

ယခုခေတ်အခါ နတ်တော်၊ ပြာသိုလများသည် နိုဝင်ဘာ၊ ဒီဇင်ဘာလများဖြစ်၍ ယင်းလများတွင် ကျင်းပသော ပွဲလမ်းသဘင်ကြီးများတွင် သဇင်ခြံပိုင်ရှင်တို့ ငွေအလုံးအခဲ ဝင်လာမစဲ ရှိသည့်ကာလပင် ဖြစ်ပါသည်။ စီးပွားဖြစ်စိုက်ကြ၍ ဝင်ငွေကောင်းကြသည်။

ဘွဲ့ယူမည့် သမီးအလှလေးအတွက် ဘီးဆံထုံးလှလှ၊ ဆံမြိတ်ချ၍၊ တော်ဝင်သဇင်တို့ အသွယ်အသွယ်ပန်ဆင်ပြီး ဘွဲ့ဝတ်စုံနှင့် အလှကျက်သရေတိုးနေပုံကြောင့် တန်ဖိုးကြီးမြင့်သော်လည်း မရမနေ ဝယ်ယူပန်ဆင်ပြီး တစ်သက်တစ်ခါ ဘွဲ့နှင်းသဘင်သို့ တက်ရောက် ကြသည်။

လူအများ အလွန်စိတ်ဝင်စားကြသော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု)ပေးပွဲများတွင်လည်း ဆုရ၊ မရမသိရသော်လည်း သဇင်ပန်းပန်၍ပွဲတက်လာကြသော  ရုပ်ရှင်မင်းသမီးချောများ၊ သရုပ်ဆောင်များ၏ ဆံကေသာတွင် သိန်းဂဏန်းတန်ဖိုးရှိ တော်ဝင် သဇင်ပန်းများ ဝေဆာ၊ လှပ ကျက်သရေရှိလှသည့် မြင်ကွင်းကြောင့် ကိန်းကြီးခန်းကြီးနိုင်လှသော သဇင်ပန်းတို့မှာ “သိင်္ဂီလျှံလန်း၊ စိန်စီ မှန်နန်း၊ ပေါ်ငယ်မှာပန်ဆင်ရာ ရွှေကေသာမြန်းပါလို့ သည်ပန်းမှ မြတ်ပန်တော်”ဟူသော မြဝတီမင်းကြီးဦစ၏လက်ရာ “သည်ဆောင်း ဟေမန်ဘွဲ့”မှ နောက်ဆုံးပိုဒ်လေးကို အခါခါဆိုညည်းပီတိဖြစ်ရပါ တော့သည်။ “သည်ပန်းမှ မြတ်ပန်တော်”ဟု ဖွဲ့ခဲ့သည်နှင့်အညီ မည်သည့်ပန်းမျှ တုယှဉ်မရအောင် အလှကျက်သရေဆောင်သော သဇင်ပန်းကို ယခုခေတ် သဇင်ခြံများတွင် များများစားစားတွေ့နိုင် သော်လည်း ဈေးတော့ဖြင့်မသေးပါ။ ဈေးမြင့်ဆဲ ဤသဇင်ကို သိပ္ပံနှင့် နည်းပညာမည်မျှပင် ထွန်းကားစေကာမူ ကိန်းခန်းစည်းစနစ်ကြီးသော သဇင်ကိုမူ ဗုံးပေါလအော ထုတ်လုပ်နိုင်ခြင်းမရှိ၊ မျိုးဥဈေးနှုန်း၊ သဇင်တိုင်ပြုလုပ်ရင်းနှီးရမှု၊ သဇင်ခြံအလုပ်သမားစရိတ်၊ ရေပေးစနစ်၊ သန့်ပြန့်မှုကြိုက်သော သဇင်စိုက်ပျိုးပြီး တစ်နှစ်ပတ်လုံး ပြုစုရခြင်းများကြောင့် ပန်းများပွင့်ပေါ်ပါက ဈေးကိုအထူးမြှင့်ထားလျက် ရောင်းချိန် နှစ်လသုံးလအထိ ချင့်ချိန် စိုက်ပျိုးကြသည်။

“သည်ဆောင်းဟေမန်” သီချင်းတွင် “ရှမ်းပြည်တောင်ငူကြည်ဖြူ ဆက်မြဲမှန်လှလေ”ဟု ဆိုထားပါသည်။ ရှမ်းပြည်နယ်နှင့် တောင်ငူ ဒေသတို့မှ အထူးကောင်းမွန်လှပသော သဇင်ပန်းခက်၊ ပန်းခိုင်များကို စိမ့်ကြီးမြိုင်ကြီးများပေါများသည့် ရှမ်းပြည်နယ်နှင့် ပဲခူးရိုးမတောကြီးများကို အမှီသဟဲပြုသော တောင်ငူဒေသတို့မှ ရရှိပေလိမ့်မည်။ စာရေးသူပန်ဆင်ခဲ့ဖူးသော “ရှမ်းသဇင်”မှာ ယခုခေတ်တွင်ဖြစ်၍ ရန်ကုန်သဇင်၊ ရခိုင်သဇင်တို့နှင့် ကွဲပြားမှုရှိပါသည်။

ရှမ်းသဇင်မှာ ပန်းခက်မရှည်လှပါ၊ ရိုးတံမာ၍ အဝါရောင်းသမ်းပြီး အပွင့်သေး၍ မွှေးနံ့ပိုပါသည်။ သဇင်ဥလေးများနှင့် ဆယ်ခက်ကို တစ်ထုပ်ဖြင့် ငှက်ပျောဖက်လေးနှင့်ထုပ်ထားပြီး ယင်းဆယ်ထုပ်ကို ဝါးခြင်းလေးတွင်စီရီထား၍ တစ်ခြင်းချင်းရောင်းပါသည်။

ရခိုင်သဇင်လည်း အလွန်လှပါသည်။ ဖွံ့ဖွံ့ထွားထွား၊ အားရဖွယ် အခိုင်ကြီးများ ဖြစ်ပါသည်။ ရန်ကုန်သို့လေယာဉ်စီး၍ ရောက်လာကြသော ရခိုင်သဇင်မှာလည်း သဇင်ခက်ကို ဥမှဖြုတ်ခွာ၍ ရောင်းသဖြင့် ရက်ကြာကြာခံအောင် အတော်ဂရုစိုက်ရပါသည်။

ရန်ကုန်သဇင်မှာလည်း အချို့က ဥလေးနှင့်ရောင်း၍ အချို့က ပန်းခက်ချည်း ရောင်းပါသည်။ တန်ဖိုးကြီးသောပန်းဖြစ်၍ မျိုးပွား စေလိုခြင်းရှိဟန်မတူပါ။ ဥလေးနှင့် အထားခံသော်လည်း ပန်ဆင်ရာတွင်မူ ဥလေးမှဖြုတ်ယူ ပန်ဆင်ကြပါသည်။

မည်သို့ဆိုစေ နတ်တော်လသည် စာဆိုတော်ကြီးတို့အား ဂုဏ်ပြုသောအားဖြင့် စာပေပွဲများကျင်းပသည့် စာဆိုတော်နေ့၊ စာပေဆုနှင်း သဘင်ကျင်းပရာလဖြစ်နေရာ ဆောင်းအဝင်လ အေးအေးမြမြ အခါသမယတွင် “ဆက်ပဏ္ဏာချီ မီလုတာမို့၊ သိင်္ဂီဥပန်းမြသဇင် စိန်စီနု ကလပ်တင်သည်၊ နတ်ဘုရင်ဆင်ယင်တုန်းခါမို့၊ အင်ဂမုန်းဂန္ဓာရုံ၊ သင်းပျံ့ဝတ်မှုန်”ဟူသော ဦးကြော့၏ တေးထပ်လေးဆိုညည်းရင်း ယခုနှစ်နေပြည်တော်တွင်    ခမ်းနားသိုက်မြိုက်စွာကျင်းပမည့် စာဆိုတော်နေ့ စာပေဆုနှင်းသဘင်ကို ကြိုဆိုဂုဏ်ပြု ရေးဖွဲ့လိုက်ရပါသည်။

စာပေသဇင် ပွင့်သစ်တို့ နှစ်စဉ်နှစ်တိုင်းပွင့်လန်းနိုင်ကြပါစေ။