ရန်ကုန် နိုဝင်ဘာ ၁၈
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ သာကေတမြို့နယ် လျှပ်စစ်မန်နေဂျာရုံးနှင့် ယင်းမြို့နယ်အတွင်းရှိ ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားမှု၊ ဖီဒါအလိုက် ဓာတ်အားပျောက်ဆုံးမှု၊ ဓာတ်အားခကြွေးကျန် အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ၃၃/၆.၆ ကေဗွီ သုမနဓာတ်အားခွဲရုံ၌ ဓာတ်အား ဖြန့်ဖြူးနေမှု၊ ဓာတ်အားခွဲရုံကြံ့ခိုင် ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေး၊ ဓာတ်အားပျောက်ဆုံးမှုများ အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရေး ထရန် စဖော်မာအလိုက် မီးသုံးသူစာရင်းများ ပြုစုဆောင်ရွက်ရန်နှင့် ရပ်/ပျက်/နှေး ဖြစ်ပေါ်နေသည့် မီတာများကို အမြန်အစားထိုး လဲလှယ်ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်လျှပ်စစ် မန်နေဂျာရုံးနှင့် ၃၃/၁၁-၆.၆ ကေဗွီ မြို့နယ်ရုံး ဓာတ်အားခွဲရုံ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများ မရှိစေရေးအတွက် ကွင်းဆင်းကြီးကြပ် စစ်ဆေးရန်၊ ဘုံမှတ်တမ်းများနှင့် ဆီးလ်ခတ် မှတ်တမ်းများကို စနစ်တကျရေးသွင်းရန် မှာကြား ပြီး တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်ဆောင်(YESC)


