နေပြည်တော် နိုဝင်ဘာ ၁၈ 

 

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချမှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မူးယစ်ဆေးဝါး သယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေ ဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့လုပ်ဆောင်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးတွဲစစ်ဆင်ရေးများကို ဆောင်ရွက်ခြင်းများကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများသည် ပင်လယ်ရေကြောင်း၏ အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းအား ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရသည်။

 

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းရယူ ဖော်ထုတ်ချက်များအရ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက် ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် (၁) ရပ်ကွက် ဆင်အိုးဖိုရပ် ကမ်းနားလမ်း ဂိုဒေါင်အမှတ် (၁၉) ၌ မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် အိုက်စ် (ICE) မူးယစ်ဆေးဝါး ကီလိုဂရမ် ၄၀၀၀ (တန်ဖိုးငွေကျပ် ဘီလီယံ ၁၂၀ ခန့်) နှင့်အတူ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနှင့် ပုသိမ်မြို့၌ မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးသူ လမင်းခန့်တို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။ 

 

ဖမ်းဆီးရမိတရားခံ နှစ်ဦး၏ ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဇော်ဂျီလမ်းရှိ “ရွှေလမင်း” ဆေးရုံ၌ တရားခံ နိုင်လင်းအားလည်းကောင်း၊ ပုသိမ်မြို့နယ် (၉) ရပ်ကွက် ထင်းပုံဆိပ်ကျေးရွာ၌ တရားခံ ဇော်မင်းထွန်း (ခ) ညီပုအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု “ကောင်းကောင်း” ကဏန်းမွေးမြူရေးကန် အရှေ့ရေပြင်၌ မူးယစ်ဆေးဝါးပို့ဆောင် ရာတွင်အသုံးပြုသည့် “MV ရွှေလက်ဝါး” ကုန်တင်သင်္ဘော တစ်စင်းနှင့်အတူ လှေလုပ်သားများဖြစ်ကြသည့် မောင်စိုး (ပဲ့နင်း)၊ ခင်ဝင်း၊ အောင်ဆန်းဦး၊ အောင်ဇင်လတ်၊ ဝင်းနိုင်၊ အောင်လင်း၊ ကျော်မင်းလတ်၊ ဟိန်းမင်းသူ၊ ကျော်ကိုကိုထွေး၊ သန်းထိုက်ဦးတို့ ၁၀ ဦးအားလည်းကောင်း၊ ယင်းနေ့ ညနေပိုင်းတွင် ချောင်းသာမြို့ အမှတ် (၃) ရပ်ကွက်၌ တရားခံ ဝင်းဝင်းထွန်း (ခ) ဝင်းထွန်းအားလည်းကောင်း၊ ချောင်းသာမြို့ အမှတ် (၂) ရပ်ကွက် မြပုလဲသွယ်လမ်း၌ တရားခံ အောင်မျိုးဝင်း (ခ) မင်းသားကြီးအားလည်းကောင်း၊ ပုသိမ်မြို့နယ် သလပ်ခွာကျေးရွာအုပ်စု မော်တော်ကုန်းကျေးရွာ၌ တရားခံ အာဆာ (ခ) ဝတုတ်အားလည်းကောင်း၊ ယင်းနေ့ ညပိုင်းတွင် မြိတ်မြို့ နောက်လယ်ရပ်ကွက် ပိတောက်ရွှေဝါလမ်းရှိ ဘောဇဝတီဆန်ဆိုင်တွင် မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးသူ တရားခံ ဒိုရာစတီဗင် အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

ဆက်လက်၍ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ဆိပ်ကြီးခနောင်တိုဆိပ်ကမ်း၌ လွန်းတင်ထားသော မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုသည့် “MV ရွှေဝတီ” ကုန်တင်သင်္ဘောတစ်စင်းအားလည်းကောင်း၊ ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မူးယစ်ဆေးဝါးများအား ပုသိမ်မြို့မှ မလေးရှားနိုင်ငံသို့ ပို့ဆောင်ခိုင်းသူ “ဘောဇဝတီ” ဆန်လုပ်ငန်းနှင့် “Utopia Future” အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းတို့အား ဟန်ပြလုပ်ကိုင်နေသော တရားခံ မောင်ငယ်အားလည်းကောင်း၊ နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့ အမှတ် (၂) ရပ်ကွက် အင်ကြင်းလမ်း၌ မူးယစ်ဆေးဝါးပို့ဆောင်ရာတွင်ပါဝင်ခဲ့သူ လှေလုပ်သား အောင်စိုးလင်းနှင့် အောင်ကိုလင်းတို့ ညီအစ်ကို နှစ်ဦးအားလည်းကောင်း၊ နိုဝင်ဘာ ၉ ရက် ညနေပိုင်းတွင် မြိတ်မြို့ နောက်လယ်ရပ်ကွက် ပိတောက်ရွှေဝါလမ်းရှိ “ဘောဇဝတီ” ဆန်ဆိုင်အနီးတွင် တရားခံ ထွန်းထွန်းလင်းအားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းဖော်ထုတ်ချက်အရ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါးများ ပို့ဆောင်ရန် စေခိုင်းသူ ကွင်းဆက်တရားခံ အားဝေ (ခ) ရှောက်ထန် (ခ) သန်းမောင် (ဖမ်းဆီးရန်ကျန်) ၏ အိမ်အမှတ် (၉/၄၇၀) ရတနာလမ်းသွယ် (၈) ဝမ်ကောင်းရပ်ကွက် တာချီလိတ်မြို့နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အမေရိကန်နိုင်ငံထုတ် M-4,A-1 သေနတ်တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၂၆ တောင့်၊ အီတလီနိုင်ငံ ထုတ် BERETTA အမျိုးအစား ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ အမေရိကန်နိုင်ငံထုတ် SIG SAUER အမျိုးအစား ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု တို့အားလည်းကောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းကုန်းမြို့နယ် (၁) ရပ်ကွက် ဌာနလမ်း၌ တရားခံ ဒိုရာမော့စ်နှင့် ပုသိမ်မြို့ (၃) ရပ်ကွက် မြကျွန်းသာအိမ်ရာရှိ ရွှေမင်းသမီးဟိုတယ်၌ တရားခံပီတာဖိုးတို့ နှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖြစ်စဉ်တွင် တရားခံ ကျား ၂၄ ဦး၊ M-4,A-1 သေနတ်တစ်လက်၊ ပစ္စတို နှစ်လက်၊ ကုန်တင်သင်္ဘော နှစ်စင်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ 

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ တာချီလိတ်မြို့နေ အားဝေ (ခ) ရှောက်ထန် (ခ) သန်းမောင် (ဖမ်းဆီးရန်ကျန်) နှင့် ဝမ်ဟိုင်းကျေးရွာနေ တာကော (ဖမ်းဆီးရန်ကျန်) တို့က လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသမှထွက်ရှိသည့် မူးယစ်ဆေးဝါးများအား ဆီဘောက်ဆာယာဉ်များတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရန် သီးသန့်ပြုလုပ်ထားသည့် လျှို့ဝှက်အကန့်များအတွင်း၌လည်းကောင်း၊ ကုန်တင်ယာဉ်များတွင် အခြားသောကုန်ပစ္စည်းများနှင့် ရောနှောပုံဖျက်၍လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ပုသိမ်မြို့သို့ ပို့ဆောင်ပေးခဲ့ရာ ပုသိမ်မြို့ရှိ မောင်ငယ်ပိုင်ဆိုင်သည့် ကမ်းနားလမ်း ဂိုဒေါင်အမှတ် (၁၉) ၌ ခေတ္တထိန်းသိမ်းသိုဝှက်၍ မောင်ငယ်နှင့် အဖွဲ့ကမလေးရှားနိုင်ငံသို့လည်းကောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနှင့်အဖွဲ့က ရခိုင်ပြည်နယ်သို့လည်းကောင်း ပို့ဆောင်ရန် စီစဉ်လျက်ရှိစဉ် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံများနှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။

 

သတင်းစဉ်