နေပြည်တော် နိုဝင်ဘာ ၁၈
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စု ကျေးရွာသို့ရောက်ရှိကြရာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက သောင်းသောင်းဖြဖြကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ စတုဘုမ္မိက-မဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ အခြေပြု၍ လေးအိမ်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၂၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၆၄ ဦး၊ ခွဲစိတ်ရောဂါ ၃၆ဦး၊ သားဖွား မီးယပ်ရောဂါ ၅၂ ဦး၊ ကလေးရောဂါ ၄၄ ဦး၊ အရိုးရောဂါ ၃၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၀၊ မျက်စိရောဂါ ၈၂ ဦး၊ သွားနှင့် ခံတွင်းရောဂါ ၃၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ခုနစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ ရှစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ လေးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလို ကြားသိခဲ့ရပါသည်-
၁။ အရင်တုန်းကတော့ ရောဂါတော်တော်ရှင်းရှင်းပဲ။ နောက် ကျန်ခဲ့တဲ့ နှစ်နှစ်လောက်ကျတော့ တစ်နှစ်လုံးလုံးက မူးနေတာ။ ငုတ်တုတ်ပဲအိပ်ရတယ်။ တုံးလုံးလဲ အိပ်လို့မရဘူး။ နောက် ဒီက ဆရာဝန်တွေနဲ့ပြကြည့်ပြီး သူတို့ ကုသပေးတော့ ရောဂါသက်သာပြီး အိပ်လို့ရသွားတယ်။ ခေါင်းမူး တဲ့ဝေဒနာကတော့ တစ်ခါတစ်ရံမှာ ပြန်ဖြစ်တဲ့အတွက်လည်း ပါတယ်။ နောက် နှလုံးခုန်မြန်တဲ့ ဝေဒနာလည်း ခံစားရတဲ့အတွက်ကြောင့် အခုလာပြတာပါ။ ဆရာဝန်တွေ ပြောတာကတော့ နှလုံးကြီးတယ်လို့ ပြောတယ်။ အဲဒီရောဂါကြောင့် လေလည်း ဖြတ်နိုင်တယ်။ ဒါ့အပြင် အခြားရောဂါ တွေလည်း ဖြစ်တတ်တယ် လို့ပြောတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ဒီဆေးတွေကို အပြတ်မခံဘဲ ဝယ်သောက်နေရပါတယ်။ အခုလို နယ်လှည့်ဆေးကုအဖွဲ့တွေ လာရောက်ကုသတဲ့အချိန်မှာ လာပြတာက ဆေးကုသစရိတ်လည်းမကုန်ဘူး။ ဆေးတွေ လုံလုံလောက်လောက်လည်းပေးပါ တယ်။ အခုလို ဆေးလာရောက်ကုသပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို လာရောက်လှည့်လည်ဆေးကုပေးတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ ဒေသခံပြည်သူတွေလည်း အခမဲ့ဆေးကုသခွင့်ရတဲ့အတွက်ကြောင့် အခုလို စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေနဲ့ ဆေးကုသပေးတဲ့ သူတွေအားလုံးကို ကျေးဇူးလည်းတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။
၂။ အထွေထွေမူးတာပေါ့။ ကျီးပေါင်းဖြစ်ဖူးလို့ မူးလို့အဲဒါလာပြတာ။ ဆေးက အရင်တုံးက သောက်တယ်ပေါ့။ အခုကဖြတ်လိုက်တော့ ဆရာကြီးက စွဲသောက်ရမယ့်ဆေးကို ညွှန်ပြလိုက်တယ် ပေါ့နော်။ သေသေချာချာလည်းမေးတယ်။ တချို့ဆိုလို့ရှိရင် ကျန်းမာရေးမကောင်းဘူး။ ကိုယ်က ဆေးခန်းပြချင်တာတောင်မှ ငွေရေးကြေးရေးအခက်အခဲ အခုကမလွယ်ဘူးလေ။ တစ်ခေါက် တစ်ခေါက် ခရီးစရိတ်ကအစ မလွယ်တဲ့အခါကျတော့ သွားရတာအဆင်မပြေဘူး။ အခုလိုမျိုး လာရောက်တဲ့အခါကျတော့ ငွေရေးကြေးရေးအတွက် ဘာမှမပူရဘူး။ အကုန်လုံးအဆင်ပြေတယ်ပေါ့နော်။ အခုလိုမျိုး နယ်လှည့်ဆေးကုသရေးအဖွဲ့ကို စေလွှတ်ပေးတဲ့ တာဝန်ရှိတဲ့ အကြီးအကဲတွေကိုရော၊ လာရောက်ပြီးကုသပေးတဲ့ ဆရာတွေ အကုန်လုံးရော၊ တာဝန်ရှိသူအကုန်လုံး အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြည်သူလူထုတွေရဲ့ ကိုယ်စားရော၊ ဝန်ထမ်းတွေရဲ့ ကိုယ်စားရော အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းစဉ်


