နေပြည်တော်    နိုဝင်ဘာ    ၁၈

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ် သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့နံနက်ပိုင်းတွင်   ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား  ကျောင်းသူများက သောင်းသောင်းဖြဖြကြိုဆိုကြသည်။

အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး ပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ စတင်ဆောင်ရွက်ပေးကြ သည်။

ဦးစွာ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ကလေးရောဂါကုပါရဂူက တစ်သက်တာ ကျန်းမာရေး၊ တစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို   ဟောပြောဆွေးနွေးသည်။ ထို့နောက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က  ကျောင်းသား ကျောင်းသူ ၁၅၀ တို့အား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ထို့ပြင် တာဝန်ရှိသူများက ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူငွေများ၊ ကျောင်းသား ကျောင်းသူများအတွက် သန်ချဆေးနှင့် အားဆေးများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်